ဆန္ဒပြမှုတွေရှိသော်လည်း စကော့တလန်မှာ အေးအေးလူလူ ဂေါက်ရိုက်နေခဲ့တဲ့ ဒေါ်နယ်ထရမ့်

ဆန္ဒပြမှုတွေရှိသော်လည်း စကော့တလန်မှာ အေးအေးလူလူ ဂေါက်ရိုက်နေခဲ့တဲ့ ဒေါ်နယ်ထရမ့်

ဇူလိုင် ၁၅ ။         ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ ဘရက်ဇစ် (အီးယူကနေ ဗြိတိန်နုတ်ထွက်မှု) မဟာဗျူဟာအပေါ် ပြင်းထန်စွာ ဝေဖန်ပုတ်ခတ်ရင်းနဲ့ ၎င်းရဲ့ လေးရက်ကြာ ဗြိတိန်ခရီးစဉ်ကို လက်စသိမ်းခဲ့ပြီ ဖြစ်ပါတယ်။

၎င်းရဲ့ ဗြိတိန်ခရီးစဉ်အတွင်းမှာတော့ အကြီးအကျယ် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ၎င်းအပေါ် ကန့်ကွက်မှုတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထရမ့်ကတော့ ယခု သီတင်းပတ်ကုန်မှာပဲ စကော့တလန်ကို ရောက်ရှိခဲ့ပြီး အေးအေးလူလူ ဂေါက်သီးကစားရင်းနဲ့  အချိန်ဖြုန်းနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်က အီဒင်ဘာ့ဂ်မှာ ထရမ့်ဆန့်ကျင်ရေး စုရုံးဆန္ဒပြပွဲတစ်ခု ပေါ်ပေါက်ခဲ့သလို ယင်းမတိုင်မီ ဇူလိုင် ၁၃ ရက်တုန်းကလည်း လန်ဒန်မှာ လူထုဆန္ဒပြပွဲတစ်ခု ဖြစ်ပေါ်ထားခဲ့ပါသေးတယ်။

ဇူလိုင် ၁၄ ရက်က ဂလက်စဂိုးမြို့ အနောက်တောင်ဘက်က Turnberry မှာရှိတဲ့ ၎င်းရဲ့ အားလပ်ရက်အပန်းဖြေစခန်းကို ထရမ့်တစ်ယောက် ရောက်ရှိလာခဲ့ပြီး  အေးအေးဆေးဆေးပဲ   ဂေါက်သီးကစားနေခဲ့ပါတယ်။

၎င်း ဂေါက်ရိုက်ကစားနေစဉ်အတွင်း အနီးအနားကနေ လူတစ်စုက ၎င်းကို အော်ဟစ် လှောင်ပြောင်မှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့သော်ငြား ထရမ့်ကတော့ အပြုံးမပျက်ဘဲ ၎င်းလူအုပ်စုဘက်ဆီလှည့်ပြီး လက်ပြပြီးတောင် နှုတ်ဆက်ခဲ့ပါသေးတယ်။

ဒေါ်နယ်ထရမ့်ကတော့ ၎င်းရဲ့ ယခု အနားယူမှု အပြီး မကြာမီမှာပဲ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပတွေ့ဆုံဖို့ ဖင်လန်နိုင်ငံ မြို့တော် ဟဲလ်ဆင်ကီ ကို ထွက်ခွာမှာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required