တေးစီးရီးသစ်မှာ ထိုင်းမော်ဒယ်ဆွန်ဆွန်နဲ့ အတူသရုပ်ဆောင်ထားတဲ့ ဟန်ထူးစျာန်

တေးစီးရီးသစ်မှာ ထိုင်းမော်ဒယ်ဆွန်ဆွန်နဲ့ အတူသရုပ်ဆောင်ထားတဲ့ ဟန်ထူးစျာန်

ရန်ကုန် ဇူလိုင် ၁၄ ။                          ။ ထိုင်းနိုင်ငံရဲ့လူမှုကွန်ယက်တွေမှာ ဟာသဗီဒီယိုဖိုင်လေးတွေနဲ့ နာမည်ကြီးနေတဲ့ Maeya Sun Sun (ခေါ်) မော်ဒယ်ဆွန်ဆွန်က CELEBRITY ဆိုတဲ့ စီးရီးခေါင်းစဉ်ပေးထားတဲ့ MTV တစ်ခုမှာ ဟန်ထူးဈာန်နဲ့ တွဲဖက် သရုပ်ဆောင်ထားပါတယ်။

ပရိသတ်ကို ပျော်ရွှင်စေချင်တဲ့အတွက် ထိုင်းမင်းသမီးနဲ့ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ အဆိုတော်ဟန်ထူးဈာန်က မဇ္ဈိမကို ပြောပါတယ်။

"ဆွန်ဆွန်နဲ့ ရိုက်ဖြစ်တာက ပရိသတ်တွေကို လှိုက်လှိုက်လှဲလှဲပျော်စေချင်တာ။ ကျန်တဲ့သူနဲ့ ရိုက်ရင်တောင် ဒီ CELEBRITY ကို အဲဒီလောက် အားရမှာ မဟုတ်ဘူး။ ဒီသီချင်းမှာ ကိုဆလိုင်းက ခေတ်ပေါ်စကားလုံးတွေနဲ့ နောက်ထားသလို ရေးထားတယ်။ သူ့မျက်နှာ ဆွန်ဆွန် မျက်နှာကလည်း ပရိသတ်တွေက သူ့ကိုမြင်ရုံနဲ့ ချစ်ကြတယ်ဆိုတော့ သူ့ကို မြန်မာနိုင်ငံအထိခေါ်ပြီး ရိုက်ဖြစ်တာပေါ့" လို့ အဆိုတော် ဟန်ထူးဈာန်က ပြောပါတယ်။

ထိုင်းဟာသအလှမယ် မော်ဒယ်ဆွန်ဆွန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဟန်ထူးဈာန်ရဲ့ CELEBRITY တေးစီးရီး အယ်လ်ဘမ်အသစ်ကို ဇူလိုင်လ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်၊ Orchid ဟိုတယ်မှာ စာနယ်ဇင်း မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

ဒီတေးစီးရီးအယ်လ်ဘမ်ကို ကျပ်သိန်း တစ်ထောင်နီးပါး အကုန်ကျခံပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ထူးထူးခြားခြား ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုတော်ထန်ခေးကလည်း “ လိမ်လိမ်မာမာ နေပါ ကလေးရယ် ”ဆိုတဲ့ သီချင်းနဲ့ “ပုံရိပ်ဟောင်း ” ဆိုတဲ့ သီချင်း ၂ ပုဒ်ကို ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။

" ဒီအခွေလေးကို ဟန်ထူးဈာန်က အချိန်ပေးပြီး သေချာလေးလုပ်ထားတာ။ သူတတ်စွမ်းသလောက် အားထည့်လုပ်ထားတဲ့အတွက် အောင်မြင်မယ်လို့ ယုံတယ်။ အွန်လိုင်းပေါ်မှာလည်း ဒီသီချင်းတွေက အောင်မြင်နေပြီသားပဲလေ" လို့ အဆိုတော် ထန်ခေးက ပြောပါတယ်။

ပုံရိပ်ဟောင်းဆိုတဲ့ တေးသီချင်းကို ဟန်ထူးဈာန် ရဲ့ညီမဖြစ်သူ ဈာဈာဟန်သာလည်း ပါဝင်သရုပ် ဆောင်ထားတယ်လို့ သိရပါတယ်။

"ဒီသီချင်းလေးထဲမှာ ညီမက မြန်မာဆန်ဆန် ရိုးရိုးလေး၊ ကိုယ်ချစ်တဲ့သူက အိမ်ထောင်သည် တစ်ယောက် ဖြစ်နေတယ်။ ကိုယ်ချစ်တိုင်းလည်း သူများကို မယုံရဘူးဆိုတဲ့ ပညာပေးဇာတ်လမ်းလေးပါပဲ " လို့ သရုပ်ဆောင် ဈာဈာဟန်သာက ပြောပါတယ်။

အချိန် ၄ နှစ်လောက်ယူပြီး ကြိုးစားခဲ့တဲ့ ဒီတေးစီးရီးထဲမှာ ငါသိလိုက်ရပါပြီ၊ အချစ်နတ်ဖုရား ရဲ့စေလိုရာ၊ Love စတဲ့ သီချင်းတွေကို ဟန်ထူးဈာန်ကိုယ်တိုင် ရေးသားထားပြီး သီချင်း ၁၂ ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။

ဒီတေးစီးရီးကို လာမယ့်ဇူလိုင်လ ၂၂ ရက်နေ့မှာ မန္တလေးမြို့မှာ ပရိုမိုးရှင်းပွဲပြုလုပ်ပြီး စတင်ဖြန့်ချိ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လာမဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာလည်း ရန်ကုန်မြို့၊ လှည်းတန်းစင်တာမှာ ပရိုမိုးရှင်းပွဲ ပြုလုပ်မှာဖြစ်ပြီး ထိုင်းဟာသအလှမယ် ဆွန်ဆွန်ကိုလည်း ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly