အိန္ဒိယကက်ရှ်မီးယားတွင် သေနတ်တိုက်ပွဲဖြစ် ငါးဦးသေဆုံး

အိန္ဒိယကက်ရှ်မီးယားတွင် သေနတ်တိုက်ပွဲဖြစ် ငါးဦးသေဆုံး

ဆရီနာဂါး၊ စက်တင်ဘာ ၃ ။           ။ ၂၄နာရီအတွင်း ဒုတိယအကြိမ်အဖြစ် ပါကစ္စတန်နှင့် နယ်စပ်အနီး အိန္ဒိယကထိန်းချုပ်ထားသော ကက်ရှ်မီးယားတွင် စက်တင်ဘာ ၃ ရက်နေ့အစောပိုင်း ကသေနတ် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ရာ သူပုန်ဟု သံသယရှိသူ လေးဦးနှင့် စစ်သားတစ်ဦးသေဆုံးခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

စစ်သွေးကြွများ ရွာတစ်ရွာဘက်သို့ ထွက်ခွာသွားသည်ဆိုသည့် သံသယဖြင့် ရဲတပ်ဖွဲ့ဝင်များသည် ချက်ခြင်းပင် နိုင်ငံမြောက်ပိုင်း ဟန်ဒဝါရာရှိ သစ်တောဧရိယာတစ်ခုကို ပိတ်ဆို့ခဲ့ရာ အစိုးရတပ်ဖွဲ့ဝင် များနှင့် သူပုန်များကြား ၁၀ နာရီကြာ သေနတ်တိုက်ပွဲဖြစ်ပွားခဲ့သည်။

"စစ်သွေးကြွတွေနဲ့ သစ်တောဧရိယာထဲက စမ်းချောင်းတစ်ခုနားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမှာ သူတို့ဘက်က လေးဦးသေပြီး ကျွန်တော်တို့ဘက်က စစ်သားတစ်ဦးကျပါတယ်"ဟု အဆိုပါဒေသ၏ ဒု-ရဲမှူးချုပ် ဂဟာရစ်ဒတ်စ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ ထို့အပြင် စစ်သားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

မတည်ငြိမ်သော ယင်းဒေသတွင် မကြာသေးမီက စစ်သားများနှင့် စစ်သွေးကြွများကြား ထိတွေ့မှုမြင့်မားလာသည်။ လွန်ခဲ့သည့် သီတင်းပတ်က တစ်ရက်ကြာတိုက်ပွဲတွင် သူပုန်ဟုမသင်္ကာသူလေး ဦးသေဆုံးခဲ့ပြီး တစ်ဦးကို ဖမ်းမိခဲ့သည်။ စက်တင်ဘာ၂က အစိုးရတပ်ဖွဲ့ဝင်များသည် ရာဖီယာဘတ် ဧရိယာတွင် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ရာ ဟစ်ဇ်ဘူလ်မူဂျာဟီဒင်အုပ်စုမှ စစ်သွေးကြွတစ်ဦးကို သတ်ဖြတ် ခဲ့သလို စစ်သားတစ်ဦးလည်း သေဆုံးခဲ့သည်။

သူပုန်အုပ်စုအချို့သည် ယင်းဒေသတွင် ချထားသော ထောင်ပေါင်းများစွာသော အိန္ဒိယတပ်ဖွဲ့ဝင်များကို ဆယ်စုနှစ်များစွာ တိုက်ပွဲဆင်နွှဲလျက်ရှိပြီး ကက်ရှ်မီးယားလွတ်လပ်ရေး သို့မဟုတ် ပါကစ္စတန်နှင့် ပေါင်းရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ ပဋိပက္ခကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်သည်။

လွန်ခဲ့သည့်လက တင်းမာမှုလျှော့ချရေးအတွက် ပြုလုပ်မည့် ဆွေးနွေးပွဲများကို အိန္ဒိယနှင့် ပါကစ္စတန်လုံခြုံရေးအကြံပေးများက ဖျက်သိမ်းခဲ့သည်။ ကက်ရှ်မီးယားသည် ပါကစ္စတန်ထိန်းချုပ်သောအပိုင်းနှင့် အိန္ဒိယထိန်းချုပ်သောအပိုင်းဟူ၍ နှစ်ပိုင်းကွဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly