NCA ပြင်ဆင်ခွင့်နှင့်နုတ်ထွက်ခွင့်ကို စာရေးကတိပေးရန် အစိုးရနှင့်တပ်မတော်အား ဝအဖွဲ့တောင်းဆို

NCA ပြင်ဆင်ခွင့်နှင့်နုတ်ထွက်ခွင့်ကို စာရေးကတိပေးရန် အစိုးရနှင့်တပ်မတော်အား ဝအဖွဲ့တောင်းဆို

ရန်ကုန် ၊ ဇူလိုင် ၁၄ ။                   ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါအချက်များအား ပြင်ဆင်ခွင့်နှင့် တစ်စုံတစ်ရာ အကြောင်းရှိလာပါက လက်မှတ်ရေးထိုးထားခြင်းမှ နုတ်ထွက်ခွင့်ကို စာရေးသားပြီး ကတိပေးရန် အစိုးရနှင့် တပ်မတော် အား UWSA ဝအဖွဲ့ က တောင်းဆိုထားသည်။

ယင်းကဲ့သို့ အစိုးရနှင့်တပ်မတော်မှ စာဖြင့် ကတိပြုမှသာ NCA တွင် လက်မှတ်ရေးထိုးရန် စဉ်းစားပေးနိုင်မည်ဟု ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးသို့ တင်ပြသည့် UWSA ဝအဖွဲ့၏ တင်ပြချက်မှတ်တမ်းတွင် ဖော်ပြထားသည်။ ယင်း တင်ပြချက်မှတ်တမ်းကို  ဇူလိုင်လ ၁၃ ရက်နေ့က မီဒီယာများကို ဖြန့်ဝေပေးခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါသဘောထား မှတ်ချက်ကို UWSA ဒုဥက္ကဋ္ဌ ကျောက်ကော်အမ်းက ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲ နေ့တွင် ဖတ်ကြားရန် ပြင်ဆင်ထားသော်လည်း ဝအဖွဲ့က NCA အပစ်ရပ် လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့် ဖတ်ရှုခွင့်မရခဲ့ပေ။

“ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်တို့ရဲ့ ‘NCA သည် ပြင်လို့ ရပါတယ်။ သဘောမကျရင် နုတ်ထွက်လို့ရပါတယ်။ ကမ္ဘာပေါ်မှာ ပြင်လို့မရတဲ့ စာချုပ်ဆိုတာမရှိဘူး။ သို့သော် NCA ကို လက်မှတ် အရင်ထိုးပြီးမှ ပြင်ဆင်ခွင့်နှင့် နုတ်ထွက်ပိုင်ခွင့်ရှိမယ် ဆိုတဲ့ နောက်ဆုံးသဘောထားအရ ပြည်ထောင်စုအစိုးရနှင့် တပ်မတော်ဘက်မှ ဒီသဘောထားကို စာအားဖြင့် ကတိခံခဲ့ရင် ‘ဝ’ ပြည်အနေဖြင့် လက်မှတ်ရေးထိုးဖို့ တက်ကြွစွာ စဉ်းစားပေးနိုင်မည်ဟု ‘ဝ’  ပြည်မှ တင်ပြဆွေးနွေးခဲ့ပါသည်”  ဟု ဖော်ပြထားသည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စာချုပ်ပါ စစ်ရပ်စဲရေး ပုဒ်မများသည့် ချို့ယွင်းချက်များ ရှိနေသည်ဟု ဝအဖွဲ့က ထောက်ပြခဲ့သည်။

ယင်းအချက်ကြောင့် ဝ အဖွဲ့အနေဖြင့် NCA ပြင်ဆင်ရေး သဘောထား စွဲကိုင်ရပြီး NCA နှင့် ချည်နှောင်ထားသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်သည်လည်း ဆိုးရွားသည့် ချို့ယွင်းချက်များ ရှိနေသည်ဟု ဝအဖွဲ့ကဆိုသည်။

UWSA ဝအဖွဲ့၏ စာတမ်းတွင် အပစ်ရပ်လက်မှတ်ထိုးပါက အပစ်အခတ်ရပ်စဲရေးကို အာမခံနိုင်ရမည်ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးရာ၌လည်း တရားမျှတသည့် နိုင်ငံရေးသဘောတူညီမှု ဖြစ်လာရန် အာမခံချက်ပေးနိုင်ရမည်ဟု ပါရှိသည်။

UWSA ဝအဖွဲ့သည် ကချင်(KIA) ၊ ရှမ်း(SSPP)၊ ကိုးကန့်(MNDAA)၊ တအာဝ်း(TNLA)၊  မိုင်းလား(NDAA)၊ ရက္ခိုင့်(AA) တို့ဖြင့် မဟာမိတ် ဖွဲ့စည်းထားပြီး ပြည်ထောင်စု နိုင်ငံရေး   ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ဟု ဖွဲ့စည်းထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required