ဖရူဆိုမြို့နယ်တွင် ကျည်ဆံပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ဖရူဆိုမြို့နယ်တွင် ကျည်ဆံပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ဖရူဆို၊ စက်တင်ဘာ ၃ ။        ။ ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ကျေးရွာနှစ်ခုတွင် သံချေးတက်နေသည့် ကျည်ဆံ မတော်တဆ ပေါက်ကွဲရာမှ ကလေးငယ် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားကာ လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

ကလေးငယ်နှစ်ဦးအနက် တစ်ဦးမှာ လောဂျာကျေးရွာမှ ခူးဖရေးရယ် အသက် ၁၄ နှစ်ရှိသူဖြစ်ပြီး ကျန်တစ်ဦးမှာ ဟိုယာကျေးရွာ အသက် ၁၄ နှစ်အရွယ် မောင်ဖိလစ်ဖြစ်သည်။ ယင်းဖြစ်ပွားမှုသည် တစ်ပတ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ခူးဖရေးရယ်သည် မိခင်ဖြစ်သူနှင့်အတူ သြဂုတ်လ ၃၁ ရက် နံနက် ၇ နာရီချိန်၌ အမှတ် ၁၄ စစ်ပစ်ကွင်းအနီး တွင်နွားကျောင်းထွက်သွားခဲ့ကြရာမှ ကျည်ဆံခွံဟု ထင်မှတ်ကာ ရိုက်ကစားခဲ့ရာမှ ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဘယ်လက်ညိုးပြတ်သွားခဲ့သည်ဟု ခူးဖရေးရယ်က ပြောသည်။

ခူးဖရေးရယ်က “ကျနော်မနက် (၇)နာရီလောက်မှာ နွားကျောင်းထွက်လာတော့ အဲ ဟာကို ကောက်တွေ့တယ်။ လက်ထဲမှာ ဆုပ်ရင်း တုတ်နဲ့ ရိုက်ကစားတော့ ပေါက်ကွဲသွားတယ်။” ဟု ပြောသည်။

မောင်ဖိလစ် မှာမူ တောထဲမှ နွားကျောင်းထွက်သော သူငယ်ချင်းတစ်ဦးမှ ယူဆောင်လာသော ကျည်ဆံဟု ယူဆရသည့် အရာဝတ္ထူကို ယူပြီး ကစားရာတွင် ပေါက်ကွဲခြင်းကြောင့် ဘယ်လက်မနှင့် လက်ညိုးပြတ်သွားခဲ့သည်။

“ကျနော့် သူငယ်ချင်း တစ်ယောက်က စနေနေ့ကျောင်းပိတ်တော့ နွားသွားကျောင်းပြီး အဲဟာကို ကောက်လာတယ်။ ကျနော်လည်း ကိုင်ကြည့်ပြီး မီးခြစ်နဲ့ မီးညစ်ကြည့်တော့ ပေါက်ကွဲသွားတယ်။” ဟု မောင်ဖိလစ်ကပြောသည်။

၎င်းအရာဝတ္ထူသည် M-16 သေနတ်ကျည်ဆံ ပုံသဏ္ဍာန်ရှိပြီး အရှည် (၁)လက်မခန့်ရှိကာ ပေါက်ကွဲရာတွင်လည်း သေနတ်သံကဲ့သို့ အသံကျယ်ကြောင်း ဒေသခံများပြောဆိုချက်အသိရသည်။

မိုင်အန္တာရာယ်ပေးပညာပေး ဟောပြောပွဲများပြုလုပ်ကြသော်လည်း လက်တွေ့တွင် မိုင်းများရှိနေသည့်နေရာသို့ သွားလာကြသူများက များပြားနေဆဲဖြစ်သည်ဟု ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ဝင် ခူးသဲရယ်ကပြောသည်။

“ကျနော်တို့ ဖရူဆိုမြို့နယ်မှာ မိုင်းနဲ့ ပတ်သက်သော ပညာပေးဟောပြောပွဲကို တော်တော်များများ လိုက်ပေးပြီးနေပြီ။ အခုက ထိခိုက်ဒဏ်ရာက နည်းတယ်ဆိုပေမယ့်  ကိုယ်လက်အင်္ဂါ ပျက်စီးသွား တာပေ့ါ။” ဟု ခူးသဲရယ်က ပြောသည်။

ထိုနေရာများသည် ယခင် ငြိမ်းချမ်းရေးကာလမတိုင်ခင်တွင် မကြာခဏ စစ်ဖြစ်ပွားခဲ့သော နေရာများလည်းဖြစ်ကြောင်း သိရပါသည်ပေါက်ကွဲစေခဲ့သည့် အရာသည်ကျောက်ဖောက်ရာကျောက်ခွဲရာတွင် သုံးသော ယမ်းခွံ၊ သေနတ်ကျည်ဆံတစ်မျိုး၊ ဗုံး တစ်မျိုး၊ .ယမ်း တစ်မျိုး စသဖြင့် အမျိုးမျိုး ပြောဆိုမှုများ ရှိနေသော်လည်း အတည်မပြုနိုင်သေးဟု ခူးသဲရယ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required