အင်းစိန်ဆေးရုံရှေ့တွင် ရောင်းချနေသော စျေးသည်များက ဖယ်ရှားပေးမည်မဟုတ်ဟုဆို

အင်းစိန်ဆေးရုံရှေ့တွင် ရောင်းချနေသော စျေးသည်များက ဖယ်ရှားပေးမည်မဟုတ်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၃ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဆေးရုံရှေ့တွင် ရောင်းချနေသော ဈေးသည်များကို ဖယ်ရှားပေးမည်မဟုတ်ဘဲ ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း   ဈေးသည်အချို့က ပြောဆိုသည်။

အင်းစိန်ဆေးရုံကြီးဝင်းပြင်ပ ကားလမ်းမတစ်ဖက်တစ်ချက်စီတွင် ဈေးရောင်းချနေသူများကို အင်းစိန်မြို့နယ် စည်ပင်သာယာရေးမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် တရားဝင် ဖယ်ရှားခိုင်းခဲ့ခြင်း ဖြစ်သည်။

"အတွင်းထဲက ဆိုင်တွေက ဈေးကြီးကြီးနဲ့ရောင်းချင်တော့ အပြင်က ဆိုင်လေးကို ဖျက်ခိုင်းတယ်။ ပုံစံအမျိုးမျိုးနဲ့ စည်ပင်တွေကို တိုင်တယ်။ ဒီမှာ ဓာတ်ပုံတွေရိုက်၊ စည်ပင်တွေကို ဓာတ်ပုံတွေနဲ့ တင်တယ်။ မကြီးတို့အဖို့မှာ အဆင်မပြေလို့သာ ဒီလို လမ်းဘေးမှာ ဈေးရောင်းတာပေါ့။ ပိုက်ဆံရှိမှတော့ သူတို့လိုဆိုင်ကြီးနဲ့ ဆွဲရောင်းချင်တာပေါ့။ ကိုယ်မှ အဆင်မပြေတာ" ဟု ဆေးရုံကြီးရှေ့ ၁၉ နှစ်ကြာ အချဉ်ပေါင်းရောင်းချခဲ့သူ ဒေါ်ဌေးဌေးဝင်းက ပြောသည်။

ထိုသို့ စည်ပင်မှ ဖယ်ရှားခိုင်းသော်လည်း ဆေးရုံရှေ့တွင် ဇူလိုင် ၁၃ ရက်နေ့တွင် ဆက်လက် ရောင်းချနေကြခြင်း ဖြစ်သည်။

"ထပ်ဖွင့်လို့ရှိရင် ဒဏ်ငွေဆောင်ရမယ်။ ဒဏ်ငွေတစ်သောင်းကနေ သုံးသောင်း၊ သုံးသောင်းကနေ တစ်သိန်း၊ တစ်သိန်းကနေ နှစ်သိန်း အဆင့်ဆင့်ပေ့ါရှိတယ်။ တရားစွဲဆိုမယ်။ ထောင်ဒဏ် ၂ နှစ်လည်း ချမယ်လို့ ပြောပါတယ်။ အထက်က ဆေးရုံအုပ်ကို တိုင်တိုင်ထားတာတဲ့အတွက်  ထပ်ဖွင့်လို့ရှိရင်တော့ သူတို့ဘက်က အရေးယူတော့မယ်တဲ့ အဲဒီလိုပြောပါတယ်" ဟု ဆေးရုံရှေ့တွင် ထမင်းဆိုင်ဖွင့်ထားသော မချိုချိုအောင်က ပြောသည်။

ထိုဖယ်ရှားခိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများထံ မဇ္ဈိမမှ သွားရောက် မေးမြန်းခဲ့သော်လည်း မအားလပ်ကြောင်း ဖြေကြားခဲ့သည်။

ဆေးရုံရှေ့တွင် ဆိုင်ပေါင်း ၄၀ ကျော် ရှိပြီး ဖွင့်လှစ်လာသည်မှာ သက်တမ်း ၁၉ နှစ်ရှိကာ အချဉ်ပေါင်း၊ အသုပ်၊ ထမင်းဆိုင်များ ရှိနေသည်ဟု သိရသည်။

အင်းစိန်ဆေးရုံအနီးရှိ ဈေးဆိုင် ၃၀ ခန့်စုပေါင်း၍ ဇူလိုင်လ ၁၁ ရက်နေ့၌ အသနားခံစာတင်ထားခဲ့ကြောင်း ဈေးရောင်းသူများထံမှ သိရသည်။

" ကျွန်တော်တို့ကိုနေရာလေးစီစဉ်ပေးဖို့ ဆေးရုံအုပ်ရယ်၊ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးရယ် အသနားခံစာတင်ထားပါတယ်" ဟု ဆေးရုံရှေ့ဈေးရောင်းချသူတစ်ဦးဖြစ်သော ကိုရာဂျူးက ပြောသည်။

၎င်းတို့အနေဖြင့် ဖယ်ရှားပေးရမည်ဖြစ်လျှင်လည်း ဈေးဆက်လက်ရောင်းချမှသာ အဆင်ပြေနိုင်မည် ဖြစ်သောကြောင့် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဇူလိုင်လ ၉ ရက်နှင့် ဇူလိုင် ၁၀ ရက်နေ့များတွင် အင်းစိန်မြို့နယ် စည်ပင်သာယာမှ ဈေးသည်များကို ခေါ်ယူသတိပေးခဲ့ပြီး ဇူလိုင်လ ၁၂ရက်နေ့၌ ဖယ်ရှားရန်အမိန့်ထုတ်ခဲ့ကာ ဆိုင်ခန်းပေါင်း ၂၉ ခန်းကို ဖျက်သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly