အကျင့်ပျက်ခြစားမှုဖြင့် တရားခံပြေးကြေညာခံထားရသူများကို သက်ဆိုင်ရာတရားရုံးများတွင်သာ စစ်ဆေးမည်

အကျင့်ပျက်ခြစားမှုဖြင့် တရားခံပြေးကြေညာခံထားရသူများကို သက်ဆိုင်ရာတရားရုံးများတွင်သာ စစ်ဆေးမည်

 

ရန်ကုန်၊ ဇူလိုင် ၁၃ ။        ။ အကျင့်ပျက်ခြစားမှုဖြင့် တရားခံပြေးကြေညာခံထားရသည့် တရားသူကြီး ၅ ဦး၊ ပါမောက္ခချုပ် ၁ ဦး ၊ ရဲအုပ်နှင့် ခရိုင်ထွေအုပ်မှူး ၂ ဦး အပါအဝင် ၁၆ ဦးကို ဖမ်းဆီးရမိပါက သက်ဆိုင်ရာတရားရုံးတွင်သာ စစ်ဆေးသွားရမည် ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ညွှန့်က ပြောသည်။

ဇွန်လ ၂၉ ရက်နေ့တွင်အဆိုပါ ၁၆ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားခံပြေးအဖြစ် ကြေညာချက်ထုတ်ခဲ့ခြင်း ဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆၊ ၅၇ တို့အရ တရားစွဲဆိုထားသူများ ဖြစ်ကြောင်း သိရသည်။

“ ဖမ်းဆီးရမိရင်တော့ သူတို့ကိုတရားစွဲထားတဲ့ ရုံးပေါ့။ ပန်းဘဲတန်းမှာ စွဲထားရင် ပန်းဘဲတန်းကို ပြန်တင်ရမယ်။ သက်ဆိုင်ရာ တရားစွဲတဲ့ရုံးကိုပဲ တင်ရမယ်” ဟု ဦးဟန်ညွှန့်က ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ခဲ့ပြီးနောက် တရားသူကြီးက တရားခံပြေးကြေညာခဲ့သည့်အတွက် အဆိုပါအမှုမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် တရားရုံးတို့ဖြင့်သာ သက်ဆိုင်တော့ကြောင်းလည်း ၎င်းကဆိုသည်။

“ တိုးတက်မှုအခြေအနေကတော့ လောလောဆယ် ဖမ်းဆီးရမိတယ်လို့တော့ ရဲတပ်ဖွဲ့က မကြေညာသေးဘူးပေါ့ဗျာ” ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးရမိမှုရှိ၊ မရှိနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

တရားခံပြေးကြေညာခံထားရသူ တရားသူကြီး ၅ ဦးမှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့မရဲစခန်းတွင် အမှုဖွင့် ခံထားရသော မြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်း( အသက် ၄၉ နှစ်) ၊ စစ်ကိုင်းတွင် အမှုဖွင့်ခံထားရသော ဘုတလင်မြို့နယ် တရားသူကြီး ဒေါ်အေးအေးနွဲ့ (အသက် ၄၃ နှစ်)၊ မန္တလေးတိုင်းတွင် အမှုဖွင့်ခံထားရသော မလှိုင်မြို့နယ် တွဲဖက်မြို့နယ် တရားသူကြီး ဦးထင်လင်း (အသက် ၄၁ နှစ်)၊ ပဲခူးတိုင်းတွင် အမှုဖွင့်ခံထားရ သော တောင်ငူခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးရွှေ(အသက် ၆၀ နှစ်)၊ ရန်ကုန်တိုင်းတွင် အမှုဖွင့်ထားသော ရန်ကင်းမြို့နယ် တွဲဖက် တရားသူကြီး ဒေါ်ခင်လေးငယ် (အသက် ၄၅ နှစ်) တို့ ဖြစ်သည်။

ပါမောက္ခချုပ်တစ်ဦးမှာ မန္တလေးတိုင်းတွင် အမှုဖွင့်ခံထားရသော မိတ္တီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဦးကိုကိုကျော်စိုး ဖြစ်ပြီး ရဲအုပ်မှာ စစ်ကိုင်းတိုင်းတွင် အမှုဖွင့်ခံထားရသော ပေပင်ချောင်ရဲကင်းစခန်း ရဲအုပ်ရာဇာကိုကို (အသက် ၄၀ နှစ်) ဖြစ်သည်။

ထွေအုပ် ၂ ဦးမှာ စစ်ကိုင်းတွင် အမှုဖွင့်ခံထားရသော မော်လိုက်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ရဲသွေး (အသက် ၄၁ နှစ်)၊ စစ်ကိုင်းတွင်ပင် အမှုဖွင့်ခံထားရသော တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး (အသက် ၄၅ နှစ်) တို့ ဖြစ်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly