ထိုင်းလူငယ်များ ပိတ်မိနေခဲ့တဲ့ လိုဏ်ဂူနေရာကို ပြတိုက်အဖြစ် ပြောင်းလဲပစ်ရန် စီစဉ်

ထိုင်းလူငယ်များ ပိတ်မိနေခဲ့တဲ့ လိုဏ်ဂူနေရာကို ပြတိုက်အဖြစ် ပြောင်းလဲပစ်ရန် စီစဉ်
(ဓာတ်ပုံ - အီးပီအေ

နိုင်ငံတကာ မီဒီယာတွေမှာ သတင်းခေါင်းစဉ်ကြီးအဖြစ် ဖော်ပြခံခဲ့ရတဲ့ လူငယ် ၁၂ ယောက်ပါ ဘောလုံးအသင်းနဲ့ နည်းပြတစ်ဦးတို့ ၂ ပတ်ကျော်အကြာ ပိတ်မိနေခဲ့တဲ့ လိုဏ်ဂူကို ပြတိုက်တစ်ခုအဖြစ် ပြောင်းလဲလိုက်ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက သတင်းဌာနတစ်ခုကို ကြာသပတေးနေ့က ပြောပါတယ်။

အသက် ၁၁ နဲ့ ၁၆ နှစ်အရွယ်ကြား ကလေး ၁၂ ယောက်နဲ့ အသက် ၂၅ ရှိ နည်းပြတို့ဟာ ဇွန် ၂၃ ရက်က လေ့ကျင့်ခန်းဆင်းပြီးနောက် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်ခရိုင် မယ်ဆိုင်-ချင်းရိုင်လမ်းမှ တစ်ကီလိုမီတာခန့်အကွာ ပွန်ဖာအရပ်ရှိ သာလောင်ခွန်နမ်နန်းနွန် အမျိုးသားဥယျာဉ်မှာ တည်ရှိတဲ့ သမ်လောင်လိုဏ်ဂူထဲ သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လိုဏ်ဂူထဲ ရေကြီးရေလျှံပြီး အတွင်းမှာ ပိတ်မိနေခဲ့ပါတယ်။

၎င်းတို့ ၁၇ ရက်ကြာ ဂူထဲ ပိတ်မိပျောက်ဆုံးခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်၊ အင်္ဂါနေ့ညနေပိုင်းက နောက်ဆုံး လူငယ် တစ်ဦးနဲ့ နည်းပြတို့ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံတွေ၊ အဝတ်အထည်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပစ္စည်းကိရိယာတွေကို ပြတိုက်အတွင်း သိမ်းဆည်းထားမှာဖြစ်ပြီး ထိုင်းနိုင်ငံဟာ ခရီးသွားများကို ဆွဲဆောင်ရန်နဲ့ အဆိုပါဒေသကို မြှင့်တင်ရန် မျှော်မှန်းချက်များဖြင့် အဆိုပါနေရာတစ်ဝှက်ကို အမျိုးသားဥယျာဉ်အဖြစ် ပြောင်းလဲရန် စီစဉ်ထားပါတယ်။

“အခုလက်ရှိမှာ ဒီစီမံကိန်းအကြောင်း အချက်အလက် အပြည့်အစုံ ပေးဖို့ ခက်ခဲနေပါသေးတယ်။ ဖြစ်ပျက်ခဲ့တာတွေကို ပြတိုက်အဖြစ် ထားရှိဖို့ ကျနော်တို့ လိုချင်ပါတယ်။ ဒီအတွက် ငွေကြေးဆိုင်ရာ ကူညီမှုတွေ လိုအပ်ပါတယ်။”လို့ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူး Narongsak Osottanakorn က EFE သတင်းအေဂျင်စီကို ပြောပါတယ်။

ဒီစီမံကိန်းက ခရိုင်အတွင်းသို့ ခရီးသွားဝင်ရောက်မှု တိုးတက်လာမယ်လို့ မျှော်လင့်ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

လိုဏ်ဂူထဲ ပိတ်မိနေခဲ့တဲ့ ထိုင်းလူငယ် ၁၂ ဦးနဲ့ ဘောလုံးနည်းပြတို့ကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့တဲ့ ဖြစ်စဉ်ကို ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးPure Flix က ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးမယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံ မြောက်စွန်း လာအိုနဲ့ မြန်မာနယ်စပ် ဘိန်းနဲ့ ဆေးခြောက်များ ထုတ်လုပ်ရာ “ရွှေတြိဂံ” ဒေသနားမှာ တည်ရှိပြီး တရားမဝင် မူးယစ်ဆေးဝါးများ ဖောက်ကားခြင်းဖြင့် ချင်းရိုင်ရဲ့ စီးပွားရေးကို အဓိက မောင်းနှင်နေတာဖြစ်ပါတယ်။ အဆိုပါခရိုင်ဟာ နယ်စပ်နိုင်ငံများမှ တရားမဝင်အလုပ်သမား လုပ်ကိုင်ရာနေရာလည်းဖြစ်ပါတယ်။

အနောက်တိုင်းသား အများအပြားက ဒီတောင်တန်းဒေသရဲ့ သာယာလှပတဲ့ ရှုခင်းတွေနဲ့ အဓိက ဆွဲဆောင်ရာဖြစ်တဲ့ သမ်လောင်လိုဏ်ဂူအပါအဝင် ဂူတွေအတွင်း စူးစမ်းသွားရောက်ဖို့အတွက် လည်ပတ်ကြပါတယ်။ 

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required