ကြားဖြတ်ရွေးကောက်ပွဲယှဉ်ပြိုင်ရန် တမူးကိုယ်စားလှယ်လောင်း ၄ ဦး စာရင်းတင်ထား

ကြားဖြတ်ရွေးကောက်ပွဲယှဉ်ပြိုင်ရန် တမူးကိုယ်စားလှယ်လောင်း ၄ ဦး စာရင်းတင်ထား

မုံရွာ၊ ဇူလိုင် ၁၃။           ။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တမူးမြို့၌ ကိုယ်စားလှယ်လောင်း(၄)ဦး အမည်စာရင်း တင်သွင်းထားကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဇူလိုင် ၁၁ ရက်နေ့သည် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည့် နောက်ဆုံးရက် သတ်မှတ်ထားခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီအချိန်အထိ ကိုယ်စားလှယ်လောင်း ၄ ဦး အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။

" တိုင်းရင်းသားပါတီ ၂ ပါတီ ပါတယ်။ နောက် NLD နဲ့ ပြည်ခိုင်ဖြိုးပါ။ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၄ ဦး အမည်စာရင်း လာရောက်တင်သွင်းခဲ့ပါတယ်။" ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးအောင်မျိူးလွင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဇကာလ်ခါးမာ (ခ) ဦးအောင်ရွှေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရိုထန်းပွီးယာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအွန်ခိုထန်း(ခ)ဦးချစ်မောင်၊ ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီမှ ဦးဇမ်းကဲမ်မန်တို့မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း ထားခြင်းဖြစ်သည်။

၎င်းကိုယ်စားလှယ်လောင်းများအား ဇူလိုင်လ ၁၇ ရက်နေ့တွင် တမူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စိစစ်သွားမည် ဖြစ်ပြီး အမည်စာရင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်သည်။

ဇူလှိုင်လ ၉ ရက်နေ့မှစတင်ကာ ၂၂ ရက်နေ့ထိ ၁၄ ရက်ကြာ ပထမအကြိမ်အဖြစ် မဲစာရင်း ကြေညာပေး ထားမည်ဖြစ်ပြီး မှားယွင်းမှုများရှိပါက သက်မှတ်ပုံစံများဖြင့် လာရောက်ပြင်ဆင်ဖြည့်စွက်နိုင်ကြောင်း ရွေးကောက်ပွဲအရာရှိက ပြောသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ တမူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် မဲပေးပိုင်ခွင့်ရှိသူမှာ ၃၄၀၀၀ ကျော်ရှိကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ရုံးမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံရေး ပါတီစုစုပေါင်း ၁၂ ပါတီ ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly