မြန်မာ့အနာဂတ်

ဇူလိုင် ၁၃၊ ၂၀၁၈ ခုနှစ်။        ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကာလ မြန်မာနိုင်ငံ ကြေးခေတ်အစောပိုင်းမှာ လယ်သမားတွေက စုပေါင်းပြီး  သူတို့ရဲ့ ပထမဦးဆုံးမြို့ပြကို တည်ထောင်ခဲ့ကြတယ်။ ပိုကျယ်ပြန့်တဲ့ ကမ္ဘာနဲ့စပြီး ဆက်သွယ်ခဲ့ကြတယ်။ ဗုဒ္ဓဘာသာ၊ အစိုးရစနစ်၊ အနုပညာ၊ သိပ္ပံနဲ့ ပတ်သက်တဲ့ အိုင်ဒီယာ အသစ်တွေကို တင်သွင်းလာခဲ့ကြတယ်။ ဒီအိုင်ဒီယာတွေကြောင့်ပဲ သူတို့ လူမှုအဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်လာစေခဲ့တယ်။ နောက်ပိုင်း နှစ် ၁၀၀၀ လောက်အကြာမှာတော့ ပုဂံမှာဘုရင်နဲ့ မှူးကြီးမတ်ရာတွေက လှုပ်ရှားရှင်သန်နေတဲ့ ဒေသတွင်းမှာ အစိတ်အပိုင်းတခုအဖြစ် ရပ်တည်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ကြတယ်။ ပြည်တွင်းနဲ့ ပြည်ပက ဗဟုသုတတွေနဲ့ ပုံစံတွေကို ပေါင်းစပ်ပြီး ရင်သပ်ရှူမောဖွယ် မြို့ပြကို တည်ဆောက် ဖန်တီးနိုင်ခဲ့ကြတယ်။ အလယ်ခေတ်သမိုင်းကာလမှာ အထင်ကြီးခန့်ညားဖွယ် မင်းနိုင်ငံငယ်တခု ဖြစ်ခဲ့တယ်။

မြန်မာနိုင်ငံက ပြင်ပကိုထိတွေ့ပြီး ကမ္ဘာကြီးကို တံခါးဖွင့် ကြိုဆိုတဲ့အခါတိုင်း မြန်မာနိုင်ငံက အသိဉာဏ်ပိုင်းဆိုင်ရာ အရရော ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရပါ   ကြွယ်ဝဖွံ့ဖြိုးခဲ့ပါတယ်။   မြန်မာနိုင်ငံက   ကြောက်ရွံ့တဲ့စိတ်နဲ့သော်လည်းကောင်း၊ ယုံကြည်မှုကင်းမဲ့စွာဖြင့် သော်လည်းကောင်း ကိုယ့်ပြည်တွင်းကိုသာ အလေးပေးကြည့်တဲ့အခါတိုင်း နိုင်ငံက ဆင်းရဲမွဲတေမှု၊ ပြည်ပကျူးကျော်သိမ်းပိုက်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံက အခုအခါ အရေးပေါ် အခြေအနေ ရောက်နေပါပြီ။ မြန်မာပြည်သူပြည်သား တွေအနေနဲ့ သူတို့လိုချင်တဲ့ ဘဝ၊ ကမ္ဘာေပေါ်မှာ သူတို့ဖြစ်ချင်တဲ့ အဆင့်အတန်းကို အလေးအနက် ပြန်လည်စဉ်းစားဖို့ အချိန်ပါ။ နိုင်ငံရေးမှာ ကျရှုံးခြင်းဟာ စိတ်ကူးစိတ်သန်းတွေ ကျရှုံးရခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဇာတ်လမ်းအသစ်တစ်ပုဒ်ရေးဖို့ လိုအပ်နေသလို၊ အနာဂတ်မျှောမှန်းချက် အသစ်စက်စက်တစ်ခု လိုအပ်နေပါတယ်။ တကယ့်စိမ်ခေါ်မှု ပြဿနာတွေကို အတူတကွပူးပေါင်းဖြေရှင်းကြဖို့ လူတွေကို ဆွဲခေါ်နိုင်တဲ့ ရည်မှန်းချက်မျိုး လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေတစ်ဝက်ဟာ အသက် ၃၀ နှစ်အောက်ပါ။ လူအများစုက သက္ကရာဇ် ၂၀၅၀ ပြည့်နှစ်အထိ၊ ဒါမှမဟုတ် ပိုလွန်ပြီး နေနိုင်ကြပါလိမ့်မယ်။ အဲဒီအချိန်မှာ ကမ္ဘာကြီးက လုံးဝမတူခြားနားတဲ့ နေရာတစ်ခုဖြစ်နေမှာပါ။

ယနေ့အချိန်မှာ ကျနော်တို့ကြုံတွေ့နေရတဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုကတော့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။ ကျနော်တို့က ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုထဲကို ရောက်နေပါပြီ။ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းလို မကြာခဏ ကြုံရပါလိမ့်မယ်။ မြန်မာနိုင်ငံ အချို့ဒေသတွေမှာ လူနေလို့ မရနိုင်တဲ့အထိ အပူပြင်းတာတွေ ဖြစ်လာပါမယ်။ ဟိမဝန္တာတောင်တန်းမှာ ရေခဲတွေပျော်လို့ အကြီးအကျယ် မခန့်မှန်းနိုင်တဲ့ အတိုင်းအဆနဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်လာ နိုင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ်းရိုးတန်းတွေ ရေဖုံးလွှမ်းတာ၊ နောက်ဆုံး ရန်ကုန်မြို့တော် ရေဖုံးလွှမ်းသွားတာ ဖြစ်နိုင်ပါတယ်။ ကျနော်တို့က ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အကြီးအကျယ် ခံစားနေရတဲ့ ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းမှာ နေထိုင်နေကြရပါတယ်။ ဒီလိုရုတ်ချည်းနဲ့ မမျှော်လင့်ထားတဲ့ ပုံစံပြောင်းလဲခြင်းတွေကြောင့် စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ လုံခြုံရေးအပေါ် ထိခိုက်မှုတွေက အတိုင်းအဆ မသိနိုင်အောင်ပါပဲ။ လူတွေက သူတို့နေထိုင်နေကြရာ ဘဝတွေ၊ နေထိုင်နေကြရာ ဒေသတွေမှာနေဖို့ မဖြစ်နိုင်တော့လောက်အောင်ပါ။

ကျနော်တို့ဟာ ဖွံ့ဖြိုးတိုးတက်မှု တရှိန်တိုး အားကောင်းလာနေတဲ့ တရုတ်နိုင်ငံကြီးရဲ့ အိမ်နီးချင်းအဖြစ် နေထိုင်နေကြရပါတယ်။ တရုတ်ပြည် လူမှုအဖွဲ့အစည်းရဲ့ အလျင်အမြန် တိုးတက်ပြောင်းလဲမှုတွေက ရင်သပ်ရှူမောဖွယ် ဖြစ်ပြီး ဒီလိုပဲ ရှေ့ဆက်လည်း ဖြစ်ပေါ်နေပါလိမ့်မယ်။ အိမ်နီးချင်းကပ်လျက် တရုတ်ပြည်ရဲ့ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ယူနန်ပြည်နယ်မှာတောင် ဆင်းရဲသားအရေအတွက်ဟာ ပြီးခဲ့တဲ့ ၅-နှစ်အတွင်း (လူဦးရေ ၄၃ သန်းအနက်) ၁၁ သန်းကနေ ၆ သန်းကို ကျဆင်းလာခဲ့ပါတယ်။ အဆိုပြုထားတဲ့ တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်လမ်းမကြီးမှာ အကယ်၍ တစ်ဝက်ကို အကောင်အထည်ဖော်နိုင်ခဲ့ရင်တောင် မြန်မာနိုင်ငံက တရုတ်ရဲ့ဝန်းကျင် နယ်မြေထဲကို နီးနီးကပ်ကပ် ပေါင်းစည်းမိသွားမှာပါ။ စက်မှုဖွံ့ဖြိုးပြီးဖြစ်တဲ့ ဒါမှမဟုတ် စက်မှုခေတ် လွန် တရုတ်နိုင်ငံက မြန်မာ့တံခါးဝကို ရောက်ရှိလာခြင်းအတွက်ကြောင့် မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ရာစုနှစ် ၂ခုနဲ့ မတူခြားနားစွာ လွှမ်းမိုးရှုပ်ထွေးမှုတွေနဲ့ ကြုံရပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ အခြားအပြောင်းအလဲများကလည်း ဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာ ဧရာမ လူသားရွှေ့ပြောင်း အခြေချနေထိုင်မှုတွေ ဖြစ်နေပါတယ်။ ခုဆိုရင် မြန်မာပြည်မှ အပါအဝင် စုစုပေါင်း ရွှေ့ပြောင်းအခြေချသူ ကမ္ဘာပေါ်မှာ သန်း ၂၅၀ လောက် ရှိပါလိမ့်မယ်။ ဒီအခြေအနေကပဲ အိမ်နဲ့ မိမိကိုယ်ပိုင်နေရာရဲ့  သဘောအဓိပ္ပါယ်ကို ပြောင်းလဲလာ စေပါတယ်။ သိပ္ပံပညာတိုးတက်မှုကလည်း သမိုင်းတလျှောက် မယှဉ်သာတဲ့ နှုန်းနဲ့ ရှိနေပါတယ်။ လူမှုအဖွဲ့အစည်းကို အသွင်ပြောင်းစေတဲ့ နည်းပညာပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။ အထူးသဖြင့် ဖန်တီးအသိဉာဏ်တု (AI) နဲ့ မျိုးရိုးဗီဇ နယ်ပယ်တွေမှာပါ။ အသစ်သော လုံခြုံရေး ခြိမ်းခြောက်မှုတွေလည်း ကြုံနေရပါတယ်။ ဆိုင်ဘာစစ်ပွဲတွေကနေ၊ လူအစုအပြုံလိုက် သေကြေစေနိုင်တဲ့ လက်နက်များပါ ပါဝင်လာတဲ့ ဘက်မညီမျှတဲ့ စစ်ပွဲတွေ၊ လူအများအပြားကို အလျင်အမြန် ကူးစက်နိုင်တဲ့ ကပ်ရောဂါတွေ ရှိလာပါတယ်။ ယခုဖြစ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲတွေအပေါ် အဆင်သင့် ရင်ဆိုင်ဖို့ မြန်မာနိုင်ငံက ဘယ်နေရာမှာမှ ရှိမနေသေးပါဘူး။

သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံက အိုမင်းကြတော့မှာပါ။ ၁၉၇၀ ခုနှစ်များကတည်းက ကမ္ဘာကြီးပေါ်မှာ ကလေးမွေးဖွားမှု အနိမ့်ဆုံးနှုန်းကို ကြုံနေကြရပါတယ်။ ကျန်တဲ့ အာဆီယံနိုင်ငံတွေလိုပဲ   မြန်မာနိုင်ငံက ရာစုနှစ်အလယ်မှာ အိုမင်းသူလူဦးရေ အများအပြား ရှိလာပါမယ်။ ကျန်တဲ့သူတွေနဲ့ မတူတာက၊ မြန်မာနိုင်ငံက မချမ်းသာခင် အိုမင်းသွားကြမှာ ဖြစ်ပါတယ်။

သေချာတာက မြန်မာနိုင်ငံမှာ မြို့ပြဖြစ်ထွန်းမှု ဖြစ်လာပါလိမ့်မယ်။ ခန့်မှန်းချက်တွေအရ ဆယ်စုနှစ်အတွင်းမှာ လူ ၅-၁၀ သန်းလောက်က ရန်ကုန်နဲ့ အခြားမြို့ကြီးတွေကို ရွှေ့ပြောင်းလာပါလိမ့်မယ်။ မြို့ပြဘဝတွေက မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးပါလိမ့်မယ်။ ကျနော်တို့က တီထွင်ဖန်တီးမှုနဲ့ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ မောင်းနှင်အားတွေနဲ့ နေချင်စဖွယ် မြို့ပြကို ရမှာလား၊ ဒါမှမဟုတ် ရာဇဝတ်မှုတွေ၊ လူမှုရေး မငြိမ်မသက်မှုတွေနဲ့ ဒုက္ခဘုံ မြို့ပြမျိုးကို ရမှာလား ဆိုတာ ရွေးချယ် ရပါလိမ့်မယ်။ ခုလို စိန်ခေါ်မှုပြဿနာတွေကို မြန်မာပြည်သူတွေက သိရှိနားလည်ပြီး ရင်ဆိုင်ဖြေရှင်း ကြရပါလိမ့်မယ်။  အနာဂတ်အတွက် လိုချင်တဲ့ မြော်မြင်ချက်ရှိဖို့လည်း လိုအပ်ပါတယ်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကြုံရင် လူထုတွေက ဘယ်မှာနေကြမှာလဲ၊ ဒါမှမဟုတ် တရုတ်က အကုန်လွှမ်းမိုး သွားမှာလား၊ ထိုင်းနိုင်ငံလို မြို့ကြီးတွေလို ဖြစ်လာမှာလား။ ဒါမှမဟုတ် မြို့ငယ်ကလေးတွေ၊ ရွာတွေ ဆက်ကျန်နေဦးမှာလား။

စီးပွားရေးစနစ်က ဘယ်လိုဖြစ်မှာလဲ။ ခရီးသွားလုပ်ငန်းကနေ တစ်နှစ်ကို ဒေါ်လာ ၅၀ ဘီလီယံ၊ သို့မဟုတ် ဂျီဒီပီရဲ့ ၁၅% လောက်အထိ ဝင်ငွေရနေတဲ့ ထိုင်းနိုင်ငံလို ဖြစ်သင့်သလား။ ဒါမှမဟုတ် ရွှေ့ပြောင်းလုပ်သားတွေနဲ့ သူတို့ အိမ်ပြန်ပို့ငွေအပေါ် မှီခိုနေတဲ့နိုင်ငံလား။ အရှေ့ဒေသက ကျန်တဲ့နိုင်ငံတွေရဲ့ ပုံစံအတိုင်း ပြည်ပပို့ကုန် အဓိကထုတ်လုပ်မှု၊ စားသုံးသူ အလေးပေးသော ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်တွေ အကြီးအကျယ် ဖျက်ဆီးမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မှာလား။

ပြည်တွင်းကုမ္ပဏီကြီး အချို့က စီးပွားရေးကို ချုပ်ကိုင်လွှမ်းမိုးထားတာ မြန်မာပြည်သူတွေက လိုချင်ကြသလား။ ဒါမှမဟုတ် နိုင်ငံခြားကုမ္ပဏီတွေက စီးပွားရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာမျိုးလား။ ဒါမှမဟုတ် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို အခြေပြုတဲ့ စီးပွားရေးစနစ်မျိုးလား။ ပိုလို့ အရေးကြီးတာက မြန်မာနိုင်ငံက စီးပွားရေးအရ တန်းတူညီမျှမှုကို ဦးစားပေးမှာလား။ ဒါမှမဟုတ် ဆင်းရဲချမ်းသာ အကြီးအကျယ် ကွာဟနေတဲ့အတိုင်း လက်ခံနေထိုင်ကြမှာလား။ ဒီလိုကိစ္စတွေက ကျွမ်းကျင်သူပညာရှင်တွေ ဆုံးဖြတ်ဖို့ မဟုတ်ပါဘူး။ ပြည်သူလူထုတွေက ဘယ်လိုအနာဂတ်ကို လိုချင်သလဲဆိုတာနဲ့ ပတ်သက်တဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်တွေသာ ဖြစ်ပါတယ်။

လူထုတွေရဲ့ နေ့စဉ်ဘဝအပေါ် အကြီးအကျယ်သက်ရောက်မယ့် စီးပွားရေးအနာဂတ်အတွက် မြန်မာနိုင်ငံက အိပ်ပျော်ရင်း လမ်းလျှောက်နေလို့ မရပါဘူး။ ဥပမာဆိုရရင် အရေအတွက် ထောင်ချီသော စီးပွားရေးလုပ်ငန်း အငယ်စားလေးတွေက တစ်နှစ်တစ်နှစ်ဆို သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံသားနဲ့ အခြားနိုင်ငံသားခရီးသွား ဧည့်သည့်တွေကို ဧည့်ခံနေတဲ့မန္တလေးမြို့ဟာ လူနည်းစုက ထိန်းချုပ်ထားတဲ့စက်မှုလုပ်ငန်း အနည်းငယ်နဲ့ ယူနန်ကို ပြည်ပ ပို့ကုန်တွေတင်ပို့မယ့် မန္တလေးမြို့နဲ့ နှိုင်းယှဉ်ရင် လုံးဝကွဲပြားနေတာကို တွေ့ရမှာပါ။

၁၀၀% သေချာတာက အတိတ်က မြန်မာနိုင်ငံဟာ မကြာခင်အချိန်အတွင်းမှာ ပျောက်ကွယ်သွားတော့မှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက အတိတ်က အကွဲအပြဲတွေအပေါ်မှာ အတိတ်က ပုံဖော်ထားခဲ့တဲ့ အနာဂတ်ပုံရိပ်တွေပါ်မှာ အမြစ်တွယ်နေတုန်းပါပဲ။

ဥပမာပြောရရင် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဖက်ဒရယ်စနစ်စတဲ့ အပေါ်မှာအခြေခံပြီး ဖြစ်နေတဲ့ တိုင်းရင်းသားအုပ်စုတွေအကြား အချေအတင်ငြင်းခုံမှုပါ။ အကယ်၍ ပိုလို့ ပူလောင်၊ ပိုလို့စိုစွတ်နေမယ့် ကမ္ဘာကြီးပေါ်ရှိ မြို့ကြီးအနည်းငယ်အတွင်းမှာ မြောက်မြားစွာသော လူပေါင်းစုံ ရောထွေးနေထိုင်ကြရတော့မယ်ဆိုရင် ဒါတွေက ဘယ်လိုအဓိပ္ပာယ်ရှိဦးမှာပါလဲ။

မြန်မာတွေအဖို့ အတိတ်ကာလက ယုံမှတ်မှားချက်တွေနဲ့ ကြွယ်ဝချမ်းသာမှု၊ အတိတ်က မိမိဘာသာ ဖူလုံမှု၊ သုံးမကုန်တဲ့ သယံဇာတတွေအပေါ်ကနေ ကျော်လွန်သင့်ပါပြီ။ အင်မတန် အန္တရာယ်များတဲ့၊ သေချာရေရာမှု မရှိလှတဲ့ အနာဂတ်က ခု လက်ထဲ ရောက်နေပြီဆိုတာကို နားလည်သင့်ပါတယ်။ မြန်မာ့နိုင်ငံရေးကလည်း နိုးထသင့်ပါပြီ။ အရေးပေါ်အခြေအနေ ဘာတွေဖြစ်နေတယ်ဆိုတာ ကြည့်သင့်ပါတယ်။ မြန်မာတွေမှာ ဧရာမပိုင်ဆိုင်မှုတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် လူတွေထင်ထားသလို မဟုတ်ပါဘူး။

အနာဂတ် ကမ္ဘာ့စီးပွားရေးက မြန်မာတွေရဲ့ သဘာဝဓာတ်ငွေ့၊ သစ်၊ သတ္တုတွင်းထွက်တွေကို လိုချင်မှလိုပါတော့မယ်။ ဒါပေမယ့် သူတို့က မြန်မာတို့ရဲ့ ထွေပြားတဲ့ယဉ်ကျေးမှု၊ အံ့မခန်းတည်ရှိနေတဲ့ ဇီဝမျိုးစုံကွဲပြားမှု၊ ဗိသုကာလက်ရာ၊ အနုပညာ၊ စာပေအမွေအနှစ်၊ လက်ကျန်သစ်တောတွေဆီက သစ်ပင်ပန်းမာန်တွေ၊ တိရိစ္ဆာန်တွေ၊ ကမ်းရိုးတန်းတွေနဲ့ ကျွန်းတွေကို တန်ဖိုးထားကြမှာပါ။ မြန်မာတွေက လူအနည်းငယ် ကြွယ်ဝချမ်းသာဖို့အတွက် အနာဂတ်မှာ တန်ဖိုးထား ကြမယ့်အရာတွေကို ဖျက်ဆီးပစ်ကြမယ့် အန္တရာယ်လည်း ရှိနေပါတယ်။

မြန်မာတွေအနေနဲ့ ဒွိစုံရည်ရွယ်ချက် နှစ်ခု ပြည့်ဝဖို့လိုအပ်တယ်ဆိုတာလည်း သဘောပေါက်သင့်ပါတယ်။ ဒါတွေက ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေး စနစ်ပါ။ လက်ရှိအချိန်မှာ အနာဂတ်စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ့် စွမ်းရည်တွေဟာ နေရာ ကဏ္ဍတိုင်းမှာ ရှိရဲ့လား သံသယဖြစ်စရာပါ။ မြန်မာနိုင်ငံက ၂၁ ရာစု ပြဿနာများရဲ့ ရှေ့မှောက်ရောက်နေတဲ့အချိန်မှာ ၂၀ ရာစုက အဖြေတွေနဲ့ ငြင်းခုံကြတုန်းပါ။ ပိုလို့ တီထွင်ဆန်းသစ်တဲ့ တွေးခေါ်မှုတွေ လိုအပ်ပါတယ်။ မြန်မာပြည်သူတွေကို အတူတကွ စုစည်းနိုင်မယ့် ဇာတ်လမ်း အသစ်တွေလည်း လိုအပ်နေပါတယ်။                  

လုံးဝသေချာ ရှင်းလင်းတဲ့အချက်က နိုင်ငံတကာနဲ့ အထီးကျန်ဖယ်ကျဉ်နေထိုင်တာက အဖြေမဟုတ်ပါဘူး။ ဟိုရှေးအတိတ် ကြေးခေတ်က လယ်သမားတွေနဲ့ နှစ်ထောင်ချီကြာပြီဖြစ်တဲ့ ပုဂံကာလကလို မြန်မာတွေက တွေဝေဆိုင်းငံ့မနေပဲ ပြင်ပက ဗဟုသုတတွေကို လက်ခံသင့်ပါတယ်။ ပိုလို့ ကြီးကျယ်စွာ၊ တီထွင်ဖန်တီးမှုရှိစွာ တွေးခေါ်ကြဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် လူတွေရဲ့သက်တမ်းအတွင်းမှာပဲ နိုင်ငံက ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly