NLDအမတ် ဒေါ်စန္ဒာမင်း၏ ရုံးခန်း ဖောက်ထွင်းခံရ

နေပြည်တော် (မဇ္ဈိမ) ။ ။ အစိုးရရုံးစိုက်ရာ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၏ ပြတင်းပေါက်မှန်ကိုရိုက်ခွဲကာ ဖောက်ထွင်းခံရသည်ဟု ယင်းမြို့နယ်၏ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ပြောသည်။

စက်တင်ဘာ ၁ရက်ညက ဖောက်ထွင်းခံရခြင်းဖြစ်ပြီး ရုံးအတွင်းရှိ အိပ်ခန်းထဲမှ အဝတ်ဗီရိုမှာ ဖရိုဖရဲဖြစ်နေသော်လည်း ပစ္စည်းတစ်စုံတစ်ရာ ပျောက်ဆုံးခဲ့ခြင်းမရှိဟု ဆိုသည်။

“ပစ္စည်းဆိုလို့ ဘာတစ်ခုမှမပျောက်တာ အရမ်းအံ့ဩဖို့ကောင်းတယ်။ ကျွန်မတို့ ရွေးကောက်ပွဲနီးလာပြီ။ စာရွက်စာတမ်းတွေကတော့ ရုံးက ရက်ရှည်ပိတ်မှာဖြစ်တဲ့အတွက် ကျွန်မသံဗီရိုထဲမှာ သော့ခတ်သိမ်းတဲ့အတွက် ဘာမှ ပါမသွားဘူး” ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

သွားရောက်သတင်းယူချိန်တွင် အခန်းအတွင်းနှင့် အပြင်ဘက်တွင် မှန်ကွဲများ ပြန့်ကြဲနေပြီး ဖောက်ထွင်းခံထားရသည့် ပြတင်းမှန်နေရာတွင် သုံးထပ်သားဖြင့် ယာယီပိတ်ထားသည်ကို တွေ့ရသည်။

ဖောက်ထွင်းခံရချိန်သည် ရုံးပိတ်ထားသောကြောင့် မည်သူမျှရှိမနေဘဲ နောက်တစ်ရက်မှသာ ဖောက်ထွင်းခံရကြောင်း သိရှိရသည်ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

အဆိုပါရုံးတွင် ဩဂုတ် ၃၀ရက်ကပင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဆိုင်ရာ လူထုဟောပြောပွဲ ပြုလုပ်ခဲ့သေးသည်။

လက်ရှိတွင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ညွှန်ကြားချက်ကြောင့် ယင်းကိစ္စအပေါ် အမှုဖွင့်တိုင်ကြားသွားမည်ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

အဆိုပါ ရုံးခန်းကို လွန်ခဲ့သည့် လေးနှစ်ကတည်းက ငှားရမ်းထားခြင်းဖြစ်ပြီး အလားတူဖြစ်စဉ်မျိုး အလျဉ်းမရှိခဲ့ဟုလည်း ဒေါ်စန္ဒာမင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly