အီးယူမှ ခွဲထွက်ပြီးနောက် ဗြိတိန်-အမေရိကန် ကုန်သွယ်ရေးအတွက် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ

အီးယူမှ ခွဲထွက်ပြီးနောက် ဗြိတိန်-အမေရိကန် ကုန်သွယ်ရေးအတွက် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ

လန်ဒန်၊ ဇူလိုင် ၁၃ ။                             ။ လန်ဒန်သို့ ရောက်ရှိသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက အီးယူမှ နိုင်ငံခွဲထွက်ခြင်းသည် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်ရေးသစ် ဖြစ်ထွန်းစေပြီး ယင်းက ဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များ စေ့ဆော်ပေးမည်ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက် ညနေက ပြောလိုက်သည်။

ဒေါ်နယ်ထရမ့်နှင့် စီးပွားရေးခေါင်းဆောင်ကြီးများ တက်ရောက်သော ဘလန်ဟင်းနန်းတော်က ညစာစားပွဲတွင် ဝန်ကြီးချုပ် ထရီဆာမေက ဗြိတိန်နိုင်ငံသည် ၂၀၁၉ မတ်လတွင် အကောင်အထည်ပေါ်မည့် ဥရောပသမဂ္ဂအတွင်းမှ ဗြိတိန် နုတ်ထွက်တော့မည်ဖြစ်ရာ ယင်းက မဟာမိတ်ဖြစ်သော အမေရိကန်နှင့်ကြား ကုန်သွယ်ရေးကို ပိုမိုတိုးမြှင့်ပေးနိုင်သော အခွင့်အလမ်းများစွာကို ဖြစ်ထွန်းစေမည်ဖြစ်သည်ဟု ပြောခဲ့သည်။

“အခုဆို ကျွန်မတို့ဟာ အီးယူကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။ ကျွန်မတို့မှာ မကြုံစဖူး အခွင့်အလမ်းတွေ ရရှိထားတယ်။ ဒီအခွင့်အလမ်းတွေဟာ လွတ်လပ်သော ကုန်သွယ်မှုတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ပြီး ဗြိတိန်နဲ့ အမေရိကန်အနှံ့မှာ အလုပ်အကိုင်တွေ၊ ဖွံ့ဖြိုးမှုတွေကို ဖန်တီးပေးနိုင်မှာ ဖြစ်တယ်။”ဟု ထရီဆာမေက ပြောသည်။

“ဒါအပြင်လည်း ဒီအခွင့်အလမ်းဆိုတာဟာ နှစ်နိုင်ငံကြားက စီးပွားရေးခေါင်းဆောင်တွေအတွက် အကျပ်ဆိုက်စရာဖြစ်နေတဲ့ ဗျူရိုကရေစီအတားအဆီးတွေကို ချေဖျက်ပစ်နိုင်တာလည်း ဖြစ်တယ်။”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

သမ္မတ ထရမ့်သည် ဇနီးဖြစ်သူ မယ်လန်နီယာနှင့်အတူ လန်ဒန်သို့ ဇူလိုင် ၁၂ ရက် အစောပိုင်းက ပထမဆုံး တရားဝင် ဗြိတိန်ခရီးစဉ်အဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly