အသတ်ခံရမည်စိုး၍ ဦးကိုနီအား ပစ်ခဲ့ခြင်းဖြစ်ဟု ဦးကြည်လင်းထွက်ဆို

အသတ်ခံရမည်စိုး၍ ဦးကိုနီအား ပစ်ခဲ့ခြင်းဖြစ်ဟု ဦးကြည်လင်းထွက်ဆို

ရန်ကုန်၊ ဇူလိုင်လ ၁၂ ။          ။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်ဖြင့်အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့ခြင်းမှာ အသတ်ခံရမည်စိုး၍ ပစ်ခဲ့ခြင်းဖြစ်ပြီး သေစေလိုသောဆန္ဒမရှိကြောင်း ဦးကြည်လင်းက ယနေ့ ရုံးထုတ်တွင် ထွက်ဆိုအစစ်ဆေးခံခဲ့သည်။

ယနေ့ ဇူလိုင်လ ၁၂ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ ဦးကြည်လင်းအပါအဝင် ဦးအောင်ဝင်းဇော်၊ ဦးဇေယျာဖြိုးတို့ကို အကြိမ် ၆ဝမြောက်ရုံးထုတ်ခဲ့ပြီး ဦးကြည်လင်းအား စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဦးကြည်လင်းက ရုံးတော်တွင် ထွက်ဆိုအစစ်ဆေးခံချက်အရ ၎င်းအား ဦးမြင့်ဆွေဆိုသူက ခြိမ်းခြောက်ခိုင်းစေခဲ့ခြင်းဖြစ်ပြီး ဦးမြင့်ဆွေဆိုသူမှာ ထိုင်းနိုင်ငံ၊ မဲဆောက်တွင် နေထိုင်ကာ ၎င်းနှင့် မန္တလေးတွင် အသက် ၂၅ နှစ်အရွယ်ကတည်းက ခင်မင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ဦးမြင့်ဆွေက ဦးကြည်လင်းအား ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၈ ရက်နေ့တွင် ဖုန်းဆက်ပြီး မတွေ့တာကြာပြီဖြစ်သည့်အတွက် တွေ့ချင်ကြောင်း၊ သူလည်း ရန်ကုန်ရောက်နေ၍ အားလားဟု မေးမြန်းခဲ့ပြီး အားသည့်အချိန်တွေ့ဆုံရန် ဖုန်းပြန်ဆက်မည်ကိုပြောဆိုခဲ့ကြောင်း သိရသည်။ထ့ိုနောက် ဦးမြင့်ဆွေက ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၉ ရက်နေ့တွင် ဖုန်းဆက်ပြီး ဆူးလေဘုရားနားရှိ ပန်းခြံသို့ လာရန် ချိန်းဆိုခဲ့သည်ဟု ဦးကြည်လင်းက တရားခွင်အတွင်းထွက်ဆိုခဲ့သည်။

ဦးကြည်လင်း က ပန်းခြံသို့ သွားရောက်ခဲ့ချိန်တွင် တွေ့ရှိခြင်းမရှိသဖြင့် ဦးမြင့်ဆွေအား ဖုန်းဆက်ခဲ့ရာ မိတ်ဆွေတစ်ဦးအား ရန်ကုန်လေဆိပ်သို့ သွားရောက်ကြိုနေကြောင်း၊ ကားငှားပြီးလာရောက်ရန် ပြောဆိုသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ လေဆိပ်ရောက်ရှိချိန်တွင် ဦးမြင့်ဆွေက ၎င်းတွင်ကားပါသည့်အတွက် လိုက်ခဲ့ရန်ပြောသဖြင့် ကားပေါ်သို့တက်ခဲ့ကြောင်း ဦးကြည်လင်းက ထွက်ဆိုခဲ့သည်။

ဦးကြည်လင်းက ဦးမြင့်ဆွေအား “အရေးကြီး ပြောစရာရှိလား” ဟု မေးမြန်းခဲ့ရာ မရှိဟုပြောသဖြင့် ၎င်းက လေယာဉ်ကွင်းသို့ တစ်ခါမျှ မရောက်ဖူးသည့်အတွက် ဦးမြင့်ဆွေကို လိုက်ပို့ခိုင်းခဲ့ကြောင်း၊ ဦးမြင့်ဆွေက သူငယ်ချင်းဖြစ်သူများနှင့် စကားပြောစရာရှိသည်ဟု ပြောဆိုသဖြင့် ဦးကြည်လင်း တစ်ယောက်တည်း လေဆိပ်သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ဦးကြည်လင်းက လေဆိပ်အတွင်း ဝင်ရောက်ကြည့်ရှုပြီး ဦးမြင့်ဆွေထံပြန်လာကာ မိသားစုအကြောင်းများ တစ်ဦးနှင့်တစ်ဦးပြောဆိုကာ ဦးမြင့်ဆွေက “ မင်းအခု အလုပ်တစ်ခု မလုပ်ချင်ဘူးလား” ဟု မေးမြန်းခဲ့ကြောင်း ဦးကြည်လင်းက ထွက်ဆိုခဲ့သည်။

“ ကျွန်တော်တော်က အရောင်းအဝယ်သမားပဲ မူးယစ်ကလွဲရင်အကုန်လုပ်တယ်လို့ ပြောပါတယ်။ ကိုမြင့်ဆွေက ငါ့သူငယ်ချင်းလာရင်လို့ပြောပြီး သူ့ရဲ့ ဖုန်းအားဖွင့်ပြတယ်။ ဓာတ်ပုံတွေ လူပုံများ ထွက်လာတယ်။ တိုက်ပုံနဲ့ပုံ၊ နေကာမျက်မှန်နဲ့ပုံ၊ စာအုပ်အသေးလေးကဓာတ်ပုံကိုလည်း ပြသခဲ့ပါတယ်။ မင်းအဲ့ဒီလူကို သတ်ရဲရင် သတ်ပေးကွာ မင်းမနစ်နာ စေရဘူးဟု ပြောပါတယ်။ ကျွန်တော်က မြင့်ဆွေကို ငါက စားရသောက်ရမဲ့ မဟုတ်ဘူး။ ကြေးစားလူ သတ်သမားလည်း မဟုတ်ဘူး။ လူသတ်ဖို့မပြောနဲ့ မူးယစ်ဆေးဝါးတောင် မလုပ်ဘူး။ ထောင်ကို ကြောက်လွန်းလို့”ဟု ဦးမြင့်ဆွေကို ပြောခဲ့ကြောင်း ဦးကြည်လင်းက တရားခွင်အတွင်းထွက်ဆိုခဲ့သည်။

ဦးမြင့်ဆွေက ဓာတ်ပုံများ ပြပြီးပြီဖြစ်၍ မလုပ်ချင်လည်းလုပ်ရမည်ဖြစ်ကြောင်း၊ ၎င်းပြသသည့် သူအား ဓားဖြင့်ခုတ်စရာမလို၊ တုတ်ဖြင့်ရိုက်စရာမလိုဘဲ ဦးခေါင်းအား သေနတ်ဖြင့်ပစ်ပြီးလျှင် မင်းတာဝန် ကျေပြီဟု ဦးမြင့်ဆွေ က ပြောခဲ့ကြောင်း ဦးကြည်လင်းထွက်ဆိုအစစ်ဆေးခံချက်အရ သိရသည်။

 “ ငါပြတဲ့သူကို မင်းမပစ်ရင် မင်းခေါင်းကို ပစ်မယ့်သူ နောက်က ပေါ်လာလိမ့်မယ်လို့ ပြောပါတယ်။ ဒါကတော့ သက်သက်ညစ်ပတ်တာ၊ အနိုင်ကျင့်တာလို့ပြောတော့ အဲ့တာတွေမပြောနဲ့ ငါပြတဲ့ သူရဲ့ ခေါင်းကို ပစ်ကိုပစ်ရမယ်။မပစ်ဘဲထွက်ပြေးရင် မင်းမိသားစုကိုလည်း ငါကချန်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။မြင့်ဆွေက ခါးမှာထိုးထားတဲ့ သေနတ်ကို ပြပြီး ငါလည်း သေနတ်တစ်လက် အမြဲဆောင်ထားတယ်။ ကျွန်တော်က ကျွန်တော်ကိုမခိုင်းပါနဲ့ သေနတ်ပစ်တတ်တဲ့သူလည်း မဟုတ်လို့ပြောတော့  မြင့်ဆွေကသူ့ခါးက သေနတ်ကို ထုတ်ပြီး ခလုတ်ကို ဆွဲလိုက်ရင် ကျည်ဆန်ထွက်တယ်။ မောင်းလည်းတင်စရာမလိုဘူး။ ခေါင်းကိုတေ့ပစ်ရင် မမှန်စရာ အကြောင်းမရှိဘူး။ ငါတို့ ပြောသလိုကပ်မပစ်ရင်လည်း မင်းခေါင်းကွဲပြီ”ဟု ဦးမြင့်ဆွေက ဦးကိုနီအား ပစ်သတ်လုပ်ကြံပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဦးကြည်လင်းက ထွက်ဆိုခဲ့သည်။

ဦးမြင့်ဆွေသည် ကားနောက်ခန်းရှိ လွယ်အိတ်တစ်လုံးပေးပြီး ဦးကြည်လင်းအား ဦးကိုနီအား လုပ်ကြံခိုင်းခဲ့ခြင်း ဖြစ်ကြောင်း ဦးကြည်လင်းက တရားခွင်အတွင်းထွက်ဆိုခဲ့ခြင်းဖြစ်သည်။ ယင်းအမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက လာမည့် ဇူလိုင်လ ၁၃ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ပြီး ဦးကြည်လင်းအမှုတွဲမှ ဦးအောင်ဝင်းဇော်အား ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly