လာမည့်ဘဏ္ဍာနှစ်တွင် ကမ်းထိန်းနံရံလုပ်ငန်းကို ဒီဇိုင်းအသစ်ဖြင့် ဆောင်ရွက်မည်

လာမည့်ဘဏ္ဍာနှစ်တွင် ကမ်းထိန်းနံရံလုပ်ငန်းကို ဒီဇိုင်းအသစ်ဖြင့် ဆောင်ရွက်မည်

 

မန္တလေး၊ ဇူလိုင် ၁၂ ။                             ။ မန္တလေးတိုင်းဒေသကြီးအတွင်း လာမည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေး ကမ်းထိန်းနံရံလုပ်ငန်းကို ဒီဇိုင်းအသစ်ဖြင့် လုပ်ဆောင်သွားမည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လုပ်ဆောင်ခဲ့သည့် ကမ်းပြိုကာကွယ်ရေး ၁၉ ခု အနက် ဖရဲကျွန်းအရှေ့ရွာနှင့် အနောက်ရွာတို့ကို သမားရိုးကျ ကျောက်စီနံရံ မဟုတ်ဘဲ ချိတ်ဆက် ကွန်ကရစ်ပြားများဖြင့် ဒီဇိုင်းအသစ်ကို ပထမဆုံး စမ်းသပ်လုပ်ကိုင်ခဲ့ရာ အောင်မြင်ခဲ့ခြင်းကြောင့် လာမည့်ဘဏ္ဍာနှစ်တွင် အဆိုပါ ဒီဇိုင်းအသစ်ကို လုပ်ဆောင်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

"စမ်းသပ်ဒီဇိုင်းက ခါတိုင်းလို ကျောက်မစီတော့ဘဲ Link တွေပါတဲ့ ကွန်ကရစ်ပြားတွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပြီး ခင်းထားတာ ဖြစ်တယ်။ အားသာချက်က ကမ်းပါးလျှောစောက်(Slope)မှာ အလေးချိန် လျော့သွားတယ်။ ကျောက်စီတမံထက် ကုန်ကျမှုသက်သာသလို သန့်ရှင်းသပ်ရပ်တယ်။ လာမယ့်နှစ်ကို လုပ်လို့ရတဲ့နေရာမှာ ဒီနည်းသုံးဖို့ စီစဉ်ထားပါတယ်"ဟု ဦးတိုးအောင်လင်းက ပြောသည်။

ဒီဇိုင်းအသစ်ဖြင့် စမ်းသပ်တည်ဆောက်ထားသည့် ဖရဲကျွန်းအရှေ့ရွာတွင် ၁၄၄၀ ပေနှင့် အနောက်ရွာတွင် ပေ ၉၀၀ ဖြစ်ပြီး ယခုနည်းစနစ်သည် ကုန်ကျစရိတ်သက်သာကြောင်း သိရသည်။ ထို့အပြင် ကွန်ကရစ် ကျောက်ပြားများ၏ အလေးချိန်သည် ကျောက်စီခြင်းထက် လေးပုံတစ်ပုံခန့် ဝန်ပိအား လျော့နည်းခြင်း၊ သန့်ရှင်းသပ်ရပ်ခြင်းနှင့် ကုန်ကျစရိတ်သက်သာမှုရှိကြောင်းလည်းသိရသည်။

"ကွန်ကရစ်ကျောက်ပြားတစ်ချပ်မှာ တစ်ပေခွဲပတ်လည်နဲ့အထူ ၄ လက်မရှိပြီး အပေါက်၂ ခုစီ ဖောက်ထားလို့ ရေစိမ့်ဝင်နိုင်သလို ကမ်းနားသစ်ပင်တွေ ရှင်သန်ပေါက်ရောက်နိုင်တယ်။ နေရာတိုင်းတော့ လုပ်လို့မရဘူး။ မြေသားအခြေအနေနဲ့ လျှောစောက်ပြေပြစ်ဖို့ ကမ်းပါးအကျယ်အဝန်းလိုတယ်။ ဒုဋ္ဌဝတီမြစ်ဘေးက ရွာတွေကတော့ ရနိုင်ခြေများပြီး ဧရာဝတီမှာတော့ လုပ်လို့မရတဲ့ ရွာတွေ ရှိတယ်။"ဟု ဦးတိုးအောင်လင်းက ပြောသည်။

လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ကမ်းပြို ကာကွယ်ရေး လုပ်ငန်း ၁၅ နေရာအတွက် ဘတ်ဂျက်ငွေကျပ် ၅ ဘီလီယံတင်ပြတောင်းခံထားကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly