မောင်တောအဝေးသင်ဌာနခွဲမှာ ကျောင်းသား ၁၀၀ ကျော် စာရင်းပေး

မောင်တောအဝေးသင်ဌာနခွဲမှာ ကျောင်းသား ၁၀၀ ကျော် စာရင်းပေး
ဓာတ်ပုံ - ဇေယျာမော်

 

မောင်တော၊ ဇူလိုင်လ ၁၂ ရက်။               ။ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သီးခြားဌာနခွဲ တစ်ခုအဖြစ် ဖွင့်လှစ်သင်ကြားပေးမည့် မောင်တောခရိုင် အဝေးသင်ဌာနခွဲတွင် တက်ရောက်ရန်အတွက် လျှောက်လွှာယူရန် စာရင်းပေးထားသူ လူပေါင်း ၁၀၀ ကျော်ရှိကြောင်း လျှောက်လွှာ လက်ခံဆောင်ရွက် ပေးနေသည့် မောင်တောခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

လျှောက်လွှာယူရန် စာရင်းပေးထားသူ ၁၀၀ ကျော်ရှိသော်လည်း လက်ရှိမှာ ဇူလိုင်လ ၁၂ ရက်နေ့ အထိ လျှောက်လွှာ လာယူသူ ၂၀ ကျော်သာရှိပြီး ယင်းအနက် လျှောက်လွှာပြန်လည် တင်သွင်းလာသူ ၇ ဦး ခန့်သာ ရှိသေးသည်။

“သူတို့မှာ အထောက်ထားတွေ မစုံသေးလို့နေမှာပါ။ လျှောက်လွှာ ဘယ်နေ့ပိတ်မယ်ဆိုတာတော့ မရှိသေးဘူး။ လျှောက်လွှာယူဖို့အတွက် စာရင်းပေးထားတာက ဘူးသီးတောင်နဲ့ မောင်တောပေါင်းလို့ အကုန်လုံး ၁၀၀ ကျော်ရှိတယ်။ သူတို့က လျှောက်လွှာယူဖို့ပဲ စာရင်းပေထားတာ။ လျှောက်လွှာ လာမယူကြသေးဘူး။”ဟု မောင်တောခရိုင် ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

ပညာသင်ကြားရန် လျှောက်လွှာတင်သွင်းသူများတွင် ရခိုင်တိုင်း တိုင်းရင်းသားများ အနည်းအကျဉ်းနှင့် အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြောင်း သိရပြီး ပြန်လည်တင်သွင်းလာသည့် လျှောက်လွှာများကို စိစစ်ရန် မောင်တော ခရိုင်ပညာရေးမှူးရုံးမှ စစ်တွေ တက္ကသိုလ်သို့ ပို့ပေးရမည် ဖြစ်ကြောင်းလည်း ခရိုင်ပညာရေးမှူးက ပြောသည်။

အဆိုပါ အဝေးသင် ဌာနခွဲတွင် မြန်မာစာ အထူးပြုနှင့် သမိုင်း အထူးပြု ဘာသာရပ် (၂) ခုကိုသာ သင်ကြားပို့ချပေးမည် ဖြစ်ပြီး နိုဝင်ဘာလ အနီးကပ်သင်တန်း ပို့ချခြင်းနှင့် စာမေးပွဲ စစ်ဆေးခြင်း၊ အဖြေလွှာ ပြုစုခြင်းများအတွက် ရန်ကုန် အဝေးသင် တက္ကသိုလ်မှ ဆရာ၊ ဆရာမများက လာရောက် ပြသမည်ဖြစ်သည်။

လက်ရှိမှာ ပညာသင်ကြားမည့် ကျောင်းသားများထံမှ စာရင်းကောက်ယူခြင်းနှင့် သင်ထောက်ကူ ပစ္စည်းများကို ပံ့ပိုးပေးရန် လုပ်ဆောင်နေကြောင်း အဆင့်မြင့် ပညာရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောသည်။

“မြန်မာစာနဲ့ သမိုင်းကိုပဲ သင်မှာမို့လို့ နိုဝင်ဘာလမှ အနီးကပ် ၁၀ ရက်သင်ပြီး စာမေးပွဲ စစ်မှာ။ အခုကတော့ သူတို့ဆီက စာရင်းတွေယူတယ်။ သူတို့အတွက် သင်ထောက်ကူပစ္စည်းတွေ ပံ့ပိုးပေးဖို့ လုပ်နေတယ်။ ကျနော်တို့ ကွင်းဆင်းကြည့်ပြီးပြီ။ စာသင်တာက မောင်တောခရိုင် ပညာရေးမှူးရုံးမှာ သင်မှာ။”ဟု ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သော စစ်တွေမြို့ရှိ သက္ကယ်ပြင် အဝေးသင် ဌာနခွဲတွင် ယခုနှစ် ပညာ သင်ကြားရန် စာရင်းသွင်းထားပြီးသူ ၁၆ ဦးရှိပြီး ယင်းအထဲ ပြီးခဲ့သည့်နှစ်က အဆိုပါ ဌာနခွဲမှ အောင်မြင်ခဲ့သည့် ဒုတိယနှစ် တက်ရောက်မည့်သူ ၆ ဦးနှင့် ပထမနှစ် တက်ရောက်မည့်သူ ၁၀ ဖြစ်ကြောင်းလည်း ဒေါက်တာ သိန်းဝင်းက ဆက်လက် ပြောကြားသည်။

၂၀၁၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခများကြောင့် အစ္စလာမ် ဘာသာဝင် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ပညာဆက်လက် သင်ကြားခွင့် ဆုံးရှုံးနေခဲ့ရပြီး (၅) နှစ်အကြာမှစ၍ ယခုလို အဝေးသင် ဌာနခွဲများဖွင့်လှစ်ကာ ပညာဆက်လက် သင်ကြားခွင့်များရရှိရေး ဖန်တီးပေးလာခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly