ပခုက္ကူချည်ထည်များကို ဂျပန်စျေးကွက်မှ ကမ်းလှမ်းမှာယူမှုများရှိနေ

ပခုက္ကူချည်ထည်များကို ဂျပန်စျေးကွက်မှ ကမ်းလှမ်းမှာယူမှုများရှိနေ

 

မကွေး၊ ဇူလိုင် ၁၂ ။          ။ ပခုက္ကူချည်ထည်များအား ဂျပန်ဈေးကွက်တွင် တဆင့်ပြန်ရောင်းချလိုသူများက ကမ်းလှမ်းမှာယူမှုများ ရှိနေကြောင်း ပခုက္ကူ၊ ဂဠုန်မင်းညီနောင်ချည်ထည်လုပ်ငန်းမှ သိရသည်။

ဇွန်လကုန်က ဂျပန်နိုင်ငံတွင် နှစ်ရက်တာကျင်းပခဲ့သော မြန်မာပွဲတော်၌ ပခုက္ကူချည်ထည်များအား ခင်းကျင်းပြသခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်ကတော်အပါအဝင်   ပြပွဲလာသူများ၏  နှစ်ခြိုက်တန်ဖိုးထားမှုများ ရရှိခဲ့သည်ဟု သိရသည်။

“ ပြခန်းကို စိတ်ဝင်တစ်စား လာကြည့်ကြပါတယ်။ ချည်ထည်တွေလည်း ရောင်းခဲ့ရပါတယ်။ အော်ဒါတွေလည်း အများကြီး လက်ခံရခဲ့ပါတယ်။ ဂျပန်လုပ်ငန်းရှင် ၃ ဦးက အမြဲတမ်းပို့ပေးဖို့ ကမ်းလှမ်းပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကတော် မဒမ် အာခိအဲအာဘေး လာကြည့်တယ်။ တအားကြိုက်တယ်လို့လည်း ပြောတယ်။ သူကိုယ်တိုင်လည်း ဝယ်သွားတယ်။ ပြန်ပြီးရောင်းချလိုသူတွေက မြန်မာပြည်ပြန်တဲ့အခါမှာ လေဆိပ်ထိလိုက်ပြီး ကမ်းလှမ်းတာတွေ ရှိခဲ့ပါတယ် ” ဟု ပခုက္ကူမြို့ ဂဠုန်မင်း ညီနောင် ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဒေါ်နီလာက ပြောသည်။

ဂျပန်နိုင်ငံမှ မှာယူမှုသည် မြန်မာပြည်ဈေးကွက်နှင့် ယှဉ်ကြည့်လျှင် နှစ်ဆခန့် ဈေးပိုရသည့်အခြေအနေ ရှိနေပြီး လုံခြည်ချုပ်ပြီး ပတ်ထမီများ ၊ ကူရှင်ကာဗာ ၊ အိတ် နှင့် စားပွဲခင်းအတွက် ချည်ထည်အလွတ်များကို ဂျပန်ဈေးကွက်က ဝယ်ယူကြကြောင်း ဒါရိုက်တာ ဒေါ် နီလာထံမှ သိရသည်။

“SME ရှုထောင့်ကနေပြောမယ်ဆိုရင် SME လုပ်ငန်းသမားများတွေ ဈေးကွက်ရပြီး ဖွံ့ဖြိုးတိုးတက်လာတဲ့ အတွက် Supply Change ကြီး တစ်လျောက်ဖွံ့ဖြိုးလာမှာပါ။ ဥပမာ-ချည်ထည်လုပ်ငန်းမှာ သူတို့ဒေသက ဝါစိုက်ပျိုးသူတွေ ၊ချည်မျှင်ထုတ် လုပ်တဲ့သူတွေ၊အလုပ်သမားတွေ အားလုံးပေါ့” ဟု မကွေးတိုင်း SME ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ချည်ထည် လုပ်ငန်းဈေးကွက်ရလာမှုအပေါ် သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လကုန်က ဂျပန်နိုင်ငံတွင် နှစ်ရက်တာကျင်းပခဲ့သော မြန်မာပွဲတော်၌ ပခုက္ကူချည်ထည်များအား ခင်းကျင်းပြသခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly