ရခိုင်မြောက်ပိုင်းမှာ ကျေးရွာသစ်တည်ထောင်သူ နေအိမ်က ဖောက်ခွဲရေး ပစ္စည်းများ တွေ့ရှိ

ရခိုင်မြောက်ပိုင်းမှာ ကျေးရွာသစ်တည်ထောင်သူ နေအိမ်က ဖောက်ခွဲရေး ပစ္စည်းများ တွေ့ရှိ

မောင်တော၊ ဇူလိုင် ၁၂ ရက်။                            ။ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်တောင်ပိုင်းတွင် တရားမဝင်ဟု ဆိုကာ အစိုးရက ဖြိုဖျက်ခဲ့သည့် ကျေးရွာသစ်ကို တည်ထောင်သူ နေအိမ်မှ   ဖောက်ခွဲရေးပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း မောင်တော မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

သိမ်းဆည်းရမိသည့် ပစ္စည်းများအနက် စနက်တံပါ လက်ပစ်ဗုံးတစ်လုံးအပါအဝင် ကျည်ကာအင်္ကျီ တစ်ထည်၊ ကျည်ကာ ဖိုင်ဘာဦးထုပ် တစ်လုံး၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ကင်မရာ ပစ္စည်းများ၊ တုတ်၊ ဓားလက်နက်များ၊ လက်ကိုင် စကား ပြောစက်များ၊ ဆေးရုံသုံးပစ္စည်းများ၊ ဖုန်းနှင့် ဆင်းကတ်တို့ပါဝင်သည်ဟု ဆိုသည်။

“အေးလေ။ အဲဒီအိမ်တွေကို ရှင်းလင်းလို့ တွေ့တာလေ။ ဦးထွန်းမြင့်ဦးရော သူ့ဇနီးရော ဖမ်းဆီးထားတယ်။”ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောသည်။

အဆိုပါ သင်္ဘောကွေ့ကျေးရွာတွင် နေထိုင်သူမိသားစုဝင်များကို ထိုကျေးရွာတွင် မနေရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလက တစ်ကြိမ် သတိပေးပြောဆိုခဲ့သလို ဇူလိုင်လ ၃ ရက်နေ့ကလည်း ဒုတိယအကြိမ်အဖြစ် တစ်ပတ်အတွင်းထွက်ခွာပေးရန် ပြောဆိုခဲ့သည်။

ယင်းနောက် ထိုကျေးရွာမှ မထွက်ခွာသွားကြသည့်အတွက် ဇူလိုင်လ ၉ ရက်နေ့က မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာ၏ ညွှန်ကြားချက်အရ ရဲတပ်ဖွဲ့ဝင်များက နေအိမ်များအား သွားရောက် ဖြိုဖျက်ခဲ့ကြသည်။

ထိုသို့ ဖြိုဖျက်ရှင်းလင်းရာတွင် သင်္ဘောကွေ့ကျေးရွာကို တည်ထောင်ရန် ဦးဆောင်ခဲ့သည့် ဦးထွန်းမြင့်ဦး၏ နေအိမ်မှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဦးမြင့်ခိုင်၏ ပြောကြားချက်အရ သည်။

ထိုကျေးရွာမှ ထွက်ခွာရန် ပြောဆိုရာ ကျေးရွာဦးဆောင်သူများဖြစ်သည့် ဦးထွန်းမြင့်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဥမ္မာကျော် အပါအဝင် ဦးအောင်နိုင်တို့က နိုင်ငံတော်နှင့် နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များအား ပုတ်ခတ်ပြောဆိုသည် ဟုဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံခဲ့ရသည်။

သို့ဖြစ်၍ ဦးထွန်းမြင့်ဦးနှင့် ဇနီးတို့အား ဖမ်းဆီးမိခဲ့သော်လည်း ဦးအောင်နိုင်မှာ ထွက်ပြေးလွတ် မြောက်နေကြောင်း ဦးမြင့်ခိုင်က ပြောသည်။

ဖမ်းဆီးရမိသည့် လက်ပစ်ဗုံးနှင့်တကွ ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာက ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရပြီး ဖြိုဖျက်လိုက်သည့် သင်္ဘောကွေ့ကျေးရွာမှ လူဦးရေ ၂၀၀ ကျော်ခန့်မှာ ကျောက်ပန္ဒူကျေးရွာ ဘုန်းတော်ကြီး ကျောင်းသို့ ယာယီ ပြောင်းရွှေ့နေထိုင်နေကြကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly