ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုတတိယပွဲစဉ်အဖြစ် ကူဝိတ်အသင်းနှင့် မြန်မာအသင်း ကစားမည်

ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုတတိယပွဲစဉ်အဖြစ် ကူဝိတ်အသင်းနှင့် မြန်မာအသင်း ကစားမည်
မြန်မာအသင်းနှင့် ယူအေအီးအသင်းတို့ ခြေစမ်းပွဲကစားစဉ်။ ဓာတ်ပုံ - MFF

ရန်ကုန်၊ စက်တင်ဘာ ၂ ။          ။ ၂၀၁၈ ဖီဖာကမ္ဘာ့ဖလား၊ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု(G)၌ ကျရောက်နေသော မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စုတတိယပွဲစဉ်အဖြစ် ကူဝိတ်အသင်းနှင့် အဝေးကွင်း တွင် ကစားရမည် ဖြစ်သည်။

ကူဝိတ်အသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်ကို စက်တင်ဘာ ၃ ရက်၊ မြန်မာ စံတော်ချိန် ည ၁၁း၃၀ တွင် ကျင်းပမည် ဖြစ်သည်။ လက်ရှိအချိန်ထိ အဆိုပါပွဲစဉ်ကို ပြည်တွင်း ရုပ်သံ လိုင်းများမှ တိုက်ရိုက် ထုတ်လွှင့်ပြသရန် အစီအစဉ် မရှိသေးသော်လည်း http://www.adsports.ae  မှ တိုက်ရိုက် ပြသသွားဖွယ်ရှိနေသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

ကူဝိတ်အသင်းသည် အုပ်စုပွဲစဉ် တစ်ပွဲသာ ကစားထားပြီး အုပ်စုအဖွင့်ပွဲတွင် လက်ဘနွန်အသင်းကို အဝေးကွင်းတွင် ၁-၀ ဂိုးဖြင့် အနိုင်ရထားသည်။ ကူဝိတ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်း သည် အုပ်စုပွဲစဉ် နှစ်ပွဲကစားထားပြီး အဖွင့်ပွဲတွင် တောင်ကိုရီးယားအသင်းကို ၂-၀ ဂိုးဖြင့် ရှုံးထားပြီး ဒုတိယပွဲစဉ်တွင် လာအိုအသင်းနှင့် နှစ်ဂိုးစီ သရေကျထားသည်။

ပွဲစဉ် နှစ်ပွဲကစားပြီးချိန်တွင် တစ်ပွဲ သရေ၊ တစ်ပွဲရှုံး ရမှတ်တစ်မှတ်သာ ရရှိထားသော မြန်မာအသင်းသည် နောက်တစ်ဆင့် တက်နိုင်ရန် လက်ကျန်ပွဲများ၌ ရလဒ်ကောင်းများ ရရှိရန် လိုအပ်နေသည်။

၂၀၁၈ ဖီဖာကမ္ဘာ့ဖလား၊ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး မြန်မာအသင်းသည် ဖီဖာ၏ ပြစ်ဒဏ်ချမှတ်ခံထားရ သောကြောင့် အိမ်ကွင်းပွဲစဉ်များ အားလုံးကို ထိုင်းနိုင်ငံတွင် သွားရောက်ကစားရမည် ဖြစ်သည်။

မြန်မာအသင်းသည် ကူဝိတ်အသင်းနှင့် ကစားပြီးပါက အောက်တိုဘာ ၈ ရက်တွင် လက်ဘနွန်၊ အောက်တိုဘာ ၁၃ ရက်တွင် လာအို၊ နိုဝင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယား၊ နိုဝင်ဘာ ၁၇ ရက် တွင် ကူဝိတ်၊ ၂၀၁၆ မတ် ၁၉ ရက်တွင် လက်ဘနွန်အသင်းတို့နှင့် ကစားရမည် ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းသည် စက်တင်ဘာ ၃ ရက်တွင် ကူဝိတ်အသင်းနှင့် ကစားပြီးပါက စက်တင်ဘာ ၇ ရက်တွင် နယူးဇီလန်အသင်းနှင့် ရန်ကုန်မြို့တွင်  ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေ ခြေစမ်းပွဲ ကစားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly