ဂျာမနီက ရုရှ၏ အကျဉ်းခံဖြစ်နေပြီဟု ထရမ့်၏ ဝေဖန်ချက်ကို မာကဲလ် တုံ့ပြန်

.

ဘရပ်ဆဲလ်၊ ဇူလိုင် ၁၁ ။           ။ ဂျာမနီနိုင်ငံက ရုရှ၏ အကျဉ်းခံ ဖြစ်နေပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘရပ်ဆဲလ်သို့ ရောက်ရှိပြီး အစောပိုင်း နာရီပိုင်းမှာပင် ထုတ်ပြန်ခဲ့ခြင်းကို ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ဇူလိုင် ၁၁ ရက်တွင် တုံ့ပြန်သည်။

ဂျာမနီသည် ရုရှဓာတ်ငွေ့ ဖြည့်သွင်းနေရခြင်းအား ရည်ညွှန်းပြီး သမ္မတ ထရမ့်က ရုရှ၏ ထိန်းချုပ်မှုအောက် ဂျာမနီမှာ လုံးလုံးရောက်ရှိနေပြီဟု စွပ်စွဲပြောဆိုချက်ကို   နေတိုးထိပ်သီးအစည်းအဝေးသို့   ရောက်ရှိလာသော မာကဲလ်က ပယ်ချလိုက်ခြင်း ဖြစ်သည်။

ဂျာမနီသည် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာလည်း မည်သည့် ပြည်ပတိုင်းပြည်၏ စွက်ဖက်မှုကိုမှ အရေးမစိုက်ကြောင်း အလေးအနက်ထား တုံ့ပြန်လျက် “ဂျာမနီရဲ့ တစ်စိတ်တစ်ဒေသ ဆိုဗီယက် ကျုးကျော်ခဲ့မှုကို ကျွန်မဘာသာ အတွေ့အကြုံ ရှိထားပြီး ဖြစ်တယ်။ လက်ရှိမှာ ကျွန်မတို့က လွတ်လပ်တဲ့ နိုင်ငံပဲ။”ဟု မာကဲလ်က ဖြည့်စွက် ဆိုသည်။

ထိုပြင်လည်း ဂျာမနီသည် နေတိုးတပ်ဖွဲ့၊ နေတိုးအခြေခံအဆောက်အအုံများအတွက် တတိယအကြီးဆုံး ထောက်ပံ့နေသော နိုင်ငံအဖြစ် ရပ်တည်နေခဲ့ကြောင်း၊ အာဖဂန်နစ္စတန်တွင် နေတိုးလုပ်ငန်းစဉ်များအတွက် နှစ်များစွာ တက်ကြွလှုပ်ရှားခဲ့သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ကြောင်း မာကဲလ်က ဆက်လက်ပြောကြားခဲ့သည်။