သေဆုံးသူ ဒေါ်ကရင်မအား အိမ်ရှင်ကရိုက်နှက်ပြီး ထမင်းမကျွေးဘဲ ပိတ်လှောင်ခဲ့

သေဆုံးသူ ဒေါ်ကရင်မအား အိမ်ရှင်ကရိုက်နှက်ပြီး ထမင်းမကျွေးဘဲ ပိတ်လှောင်ခဲ့
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)
 

ရန်ကုန်၊ ဇူလိုင်လ ၁၁ ။           ။ သေဆုံးခဲ့သည့် အိမ်အကူ ဒေါ်ကရင်မအား အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင်ဥပဒေရုံးမှ ဒုဦးစီးမှူး ဒေါ်သင်္ဂီစုက ကျောက်ပျဉ်ဖြင့် ထုခြင်း၊ ဗိုက်အား ကန်ကျောက်မှုများပြုလုပ်ပြီး ထမင်းမကျွေးဘဲ ၅ ရက်ခန့်အထိ အခန်းထဲပိတ်လှောင်ထားခဲ့ကြောင်း တရားလိုဖြစ်သူ အုတ်ဖိုကျေးရွာ ရာအိမ်မှူးဦးအေးသောင်းက ထွက်ဆိုအစစ်ဆေးခံခဲ့သည်။

ယနေ့ ဇူလိုင်လ ၁၁ ရက်တွင် သန်လျင်မြို့နယ်ရှိ၊ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံး၌ အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင် ဥပဒေရုံးမှ ဒုဦးစီးမှူးဒေါ်သင်္ဂီစုအား ၄ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ အုတ်ဖိုကျေးရွာ ရာအိမ်မှူး ဦးအေးသောင်းအား စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“မကရင်မက ၎င်းအား ကျောက်ပျဉ်ဖြင့် ထုကြောင်း၊ဗိုက်ကိုကန်ကြောင်း ဒေါ်သိင်္ဂီစုက ပြုလုပ်ကြောင်းပြောရာ ဌေးဌေးမော်က စောစောတုန်းက ဘာလို့မပြောတာလဲဟု မေးလိုက်ပါသည်။ ထိုအခါ မကရင်မက မပြောရဲဘူး ကြောက်တယ်။ သူ့အမေက ကောင်းတယ်။ဒေါ်သိင်္ဂီစုက မကောင်းဘူး။အခန်းထဲမှာ ငါးရက်လောက်ပိတ်ထားပြီး အစာမကျွေးကြောင်းပြောပါသည်”ဟု ရာအိမ်မှူးဦးအေးသောင်းက တရားခွင်အတွင်းထွက်ဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်၊ ခတ္တိယကျေးရွာအုပ်စုမှ အုတ်ဖိုကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သော ဦးအေးသောင်းက ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့၌ ကျေးရွာအနောက်ပိုင်းသို့ရောက်ရှိစဉ် ရာအိမ်မှူးဖြစ်သူ ဦးထွန်းကြိုင်က ဖုန်းဆက်ခေါ်သဖြင့် ဦးထွန်းကြိုင်နေအိမ်သို့ သွားခဲ့ကြောင်း သိရသည်။ အဆိုပါ အိမ်အရောက်တွင် အမည်မသိအမျိုးသမီး ရောက်ရှိနေပြီး   ဒေါ်ကရင်မက နေမကောင်းဖြစ် နေသည့် အတွက် ပြန်လာပို့ခြင်းဖြစ်ကြောင်း ပြောဆိုကာ ဆေးဖိုးအဖြစ် ငွေ ၁၅ဝ,ဝဝဝ ကျပ်ပေးခဲ့ရာ ဒေါ်ကရင်မ ကျန်းမာ ရေးအခြေအနေအရ   ငွေပမာဏနည်းသည်ဟု ပြောလိုက်သဖြင့် ငွေကျပ် ၃ သောင်းထပ်တိုး ပေးခဲ့ကြောင်း ဦးအေးသောင်းက တရားခွင်အတွင်းထွက်ဆိုခဲ့သည်။

အမည်မသိအမျိုးသမီးမှာ ပြန်သွားခဲ့ပြီးနောက် ဒေါ်ကရင်မက ၎င်းအား ဆေးရုံပို့ပေးရန် ပြောဆိုကာ သူမအား အိမ်ရှင် ဖြစ်သူ ဒေါ်သိင်္ဂီစုက နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု   ပြောဆိုခဲ့ကြောင်း ဒေါ်ကရင်မ အသက်ရှိစဉ် နေအိမ်သို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့သူ ရာအိမ်မှူးဦးအေးသောင်းက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

ဒေါ်ကရင်မ၏ ဦးခေါင်း၊ နဖူး၊ မေးစေ့၊ ပါးရိုးတို့တွင် ဒဏ်ရာများတွေ့ရှိရသည့်အပြင် ပေါင်တွင် မီးပူဖြင့် ထိုးထား သဖြင့် အမာရွတ်အကွက်တစ်ကွက်နှင့် ကျောကုန်းတွင် အကွက်ကြီးတစ်ကွက်တွေ့ကြောင်း ဦးအေးသောင်း၏ ထွက်ဆိုချက်အရ သိရသည်။ အဆိုပါ ဒဏ်ရာများနှင့် ပတ်သက်ပြီး ယင်းကျေးရွာတွင် နေထိုင်သူ ဌေးဌေးမော်ဆိုသူက ဘာကြောင့် ဒေါ်သိင်္ဂီစုက လုပ်တာလဲဟု မေးမြန်းခဲ့ရာ ဆွဲကြိုးခိုးယူသည်ဟုဆိုကာ ထိုသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေါ်ကရင်မက အသက်ရှိစဉ် ဖြေကြားခဲ့သည်ဟု ဦးအေးသောင်းက ထွက်ဆိုခဲ့သည်။

“ သူတို့က သက်သေပြချင်တာပေါ့။ မရင်မမှာ ရတဲ့ဒဏ်ရာတွေက တရားခံက ကျူးလွန်လို့ ရတဲ့ ဒဏ်ရာတွေ မဟုတ်ဘူးဆိုပြီး.. ဒါကတော့ လုပ်ရိုးလုပ်စဉ် မေးရိုးမေးစဉ်တွေပဲ။ ဘယ်လိုအမှုမျိုးပဲဖြစ်ဖြစ်။ အဲ့ဒီလို ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ပတ်သက်ရင် တရားခံကျူးလွန်လို့ရတဲ့ ဒဏ်ရာတွေ မဟုတ်ဘူးဆိုတာကိုတော့ သူတို့ ရှောင်ပြီးတော့မှ သက်သေပြပြီးတော့မှ မေးမယ်။ မေးတဲ့အပေါ်မှာမှ တရားခံပြသက်သေတွေ ဒီသက်သေ တွေထဲက ထွက်လာမယ်။ ဘယ်တုန်းကရတဲ့ ဒဏ်ရာတွေပါ။ ပစ္စည်းတွေရွှေ့ပြီးရတဲ့ ဒဏ်ရာတွေပါ။ အပေါ်က ပြုတ်ကျလို့ ခိုက်မိတဲ့ ဒဏ်ရာတွေပါဆိုပြီး။ ဒါပေမယ့် သက်သေက ထွက်သွားတာတော့ရှင်းတယ်လေ”ဟု ဒေါ်ကရင်မ မိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူ ပြည်ထောင်စုဥပဒေအထောက်အကူပြုရေးအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

အုတ်ဖိုကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအေးသောင်း၏ ဆက်လက်ထွက်ဆိုချက်အရ ဒေါ်ကရင်မမှာ ရောဂါဆိုး ဝါးလာသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးရန်ပြောဆိုခဲ့သည့်အတွက် ၎င်းက ခတ္ထိယရဲစခန်းမှူးနှင့် အုပ်ချုပ်ရေးမှူးအား သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ ခေါ်ဆောင်ပြီး ပြန်လာစဉ် ဒေါ်ကရင်မမှာ သေဆုံး နေသည့်အတွက် ၎င်းကိုယ်တိုင်တရားလိုပြုလုပ်ပြီး အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးအေးသောင်းက ထွက်ဆိုအစစ်ဆေးခံခဲ့သည်။

တရားလို ဦးအေးသောင်းက ထွက်ဆိုအစစ်ဆေးခံရာတွင် စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစုဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေက “အိမ်ရှင်ဖြစ်သူ ဒေါ်သိင်္ဂီစုမှာ အခင်းမဖြစ်မီက ပဲခူးခရိုင်ဥပဒေရုံးတွင် ဒုဦးစီးအရာ ရှိအဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်ကြောင်း၊ မဟာဥပဒေဘွဲ့ကို ရပြီးသူတစ်ဦးဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူမှာ တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးဖြစ်ကြောင်း သိပါသလား”ဟု တရားလိုဖြစ်သူ ဦးအေးသောင်းအား မေးမြန်းခဲ့ မှုများရှိ သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ပြီးခဲသည့် ဇွန်လ ၁၃ ရက်၊ ရုံးချိန်းတွင် အိမ်ရှင်ဖြစ်သူ ဒေါ်သိင်္ဂီစုအား လူသတ်မှု ပုဒ်မ- ၃ဝ၂ ဖြင့် ခရိုင်တရားရုံးသို့ တရားစွဲတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ရုံးချိန်းတွင် တရားလို ဦးအေးသောင်းအား စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းအမှုအတွက် တရားလိုပြသက်သေ ၂၉ ဦးအထိတင်သွင်းထားပြီး ဆက်လက်စစ်ဆေးရန်အတွက် ခရိုင်တရားရုံးက လာမည့် ဇူလိုင်လ ၁၈ ရက်နေ့အား ထပ်မံချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly