တိုင်းရင်းသားမဟုတ်သူများကို စီစစ်ပြီး လွတ်လပ်စွာသွားလာခွင့်ပြုရန် ANP ပါတီပြော

တိုင်းရင်းသားမဟုတ်သူများကို စီစစ်ပြီး လွတ်လပ်စွာသွားလာခွင့်ပြုရန် ANP ပါတီပြော
စစ်တွေမြို့ရှိ  ANP ဌာနချုပ်အား ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက တွေ့မြင်ရစဉ်။ ဓာတ်ပုံ-အေးချမ်းခိုင်

ရန်ကုန်၊ ဇူလိုင် ၁၁ ။          ။ မြန်မာနိုင်ငံတွင်းရှိ  ဌာနေတိုင်းရင်းသားမဟုတ်သူများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ စီစစ်ပြီးလွတ်လပ်စွာသွားလာခွင့်ပြုရန် ရခိုင်အမျိုးသားပါတီ (ANP)  ဒုဥက္ကဋ္ဌ - ဒေါ်အေးနုစိန် ပြောဆိုလိုက်သည်။

ဇူလိုင်လ ၁၁ ရက်နေ့နေပြည်တော်တွင်ကျင်းပနေသည့် ၂၁ ရာစုပင်လုံ အစည်းအဝေးအဖွင့်မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ နိုင်ငံအတွင်းမှာ ရှိနေတဲ့ ဌာနေတိုင်းရင်းသား မဟုတ်သူများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီ စိစစ်ပြီး နိုင်ငံသားဖြစ်ခွင့်ရှိသူများကို   နိုင်ငံသားအဖြစ်အသိအမှတ်ပြုပေးပါ။   နိုင်ငံသားဖြစ်သူများကို မြန်မာနိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ပြုလိုက်ပါ"ဟု ဒေါ်အေးနုစိန်က ပြောသည်။

ထို့အပြင် နိုင်ငံသားဖြစ်ခွင့်မရှိသူများကိုလည်း တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်းလည်း ၎င်းကဆိုသည်။

နိုင်ငံအတွင်းမှာ နေထိုင်ကြသည့် လူသားအားလုံးအတွက် ဥပဒေအရ အခွင့်အရေးတန်းတူ ရရှိမှုကို အခြေခံရမည်ဖြစ်သကဲ့သို့ နိုင်ငံတကာက ဖိအားပေး အဖြေရှာခိုင်းမှုများကိုလည်း အလျော့မပေးရန် ဒေါ်အေးနုစိန်ကတောင်းဆိုခဲ့သည်။

“ ဘင်္ဂါလီအရေးကိစ္စမှာ ရခိုင်နဲ့ ရခိုင်နွယ်ဖွား တိုင်းရင်းသားများရဲ့ မူလအခွင့်အရေးတွေ မဆုံးရှုံးသွားဖို့ အလွန် အရေးကြီးပါတယ် “ ဟု ၎င်းကပြော သည်။

ထို့အပြင် ဘင်္ဂါလီအရေးသည်အလွန်ရှုပ်ထွေးသည့်ကိစ္စဖြစ်သောကြောင့်  အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့၏ သဘောထား တစ်သားတည်းရှိရန်လိုအပ်ကြောင်း ပြောဆိုလိုက်ပြီး ရခိုင်လူမျိုးများ၏ အသံကိုနားထောင်နိုင်ရန်လိုကြောင်းလည်းဒေါ်အေးနုစိန်ကဆက်ပြောသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ပြဿနာအစမှာဗြိတိသျှ ကိုလိုနီ ဆိုးမွေဖြစ်ပြီး တရားမဝင် နေထိုင်မှုနှင့် နိုင်ငံသား ပြဿနာကို ပြတ်ပြတ်သားသား မဖြေရှင်းနိုင်ခဲ့ခြင်းကြောင့်ဟုလည်း ရခိုင်အမျိုးသားပါတီဘက်ကပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly