ကျေးရွာဆန္ဒဖြင့် အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ပေးရန်တောင်းဆို

.

 (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

မန္တလေး၊ ဇူလိုင်လ ၁၁ ။            ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ပွတ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကျေးရွာသားများ၏ ဆန္ဒမဲဖြင့် ရွေးကောက်တင်မြောက်ခြင်း မပြုဘဲ မြို့နယ်အုပ်ချုပ်ရေး၏ အမိန့်ဖြင့် တစ်ဦးတည်းကို ရွေးချယ်တင်မြောက်ခဲ့သည့်အတွက် ပြန်လည်ရွေးချယ်ပေးရန် အတွက် ဇွန်လ ၁၁ ရက်၊မွန်းလွဲ ၁ နာရီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုလိုက်သည်။

"ကျွန်တော်တို့က ကျေးရွာသားအားလုံးရဲ့ မဲဆန္ဒနဲ့ ရွေးကောက်ပေးစေလိုတာပါပဲ။ ရွာသားတွေရဲ့ မဲနဲ့ ဘယ်သူရရ ကျေနပ်ပါတယ်။"ဟု ဆင်ပွတ်ကြီးကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးမြင့်ဦးက ပြောသည်။

အဆိုပါကျေးရွာတွင် ပြီးခဲ့သည့်မေလအတွင်းက အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် ရာအိမ်မှူးသုံးဦးကို အတည်ပြုခဲ့ပြီး ၎င်းလအတွင်းမှာပင် အပြီးသတ်ရွေးချယ်ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ညွှန်ကြားခဲ့ရာ ကြီးကြပ်ရေးမှူးအဖွဲ့ က ရွေးကောက်ပွဲပြုလုပ်ခြင်းမရှိဘဲ ဦးဝင်းဆွေဆိုသူ တစ်ဦးတည်းကိုသာ ရွေးချယ်ခဲ့ခြင်းကြောင့် ဒေသခံများက ပြန်လည်ရွေးချယ်ပေးစေလိုခြင်းဖြစ်သည်။

"ကျွန်တော်တို့က အခုတင်မြောက်ထားတဲ့သူကို မကျေနပ်လို့ မဟုတ်ဘူး။ဆန္ဒမဲ မပေးရဘဲနဲ့ ရွေးလိုက်တာကို မကျေနပ်တာပါ။ မဲနဲ့နိုင်လို့ကတော့ ဘယ်သူလုပ်လုပ် ကျေနပ်တယ်။ ရွာက ရွေးချယ်ထားတဲ့ ရာအိမ်မှူး ၃ ကို ဆန္ဒမဲနဲ့ ပြန်ရွေးစေချင်တာပဲ။"ဟု ဦးမြင့်ဦးက ပြောသည်။

ဆက်လက်၍ ဦးမြင့်ဦးက "ဒီလို ဆန္ဒမဲနဲ့ ရွေးချယ်ထားတာမဟုတ်တဲ့သူက ရွာကို အုပ်ချုပ်မယ်ဆိုရင် ရွာက နှစ်ခြမ်း ကွဲသွားမယ်။ စိတ်ဝမ်းတွေ ကွဲကုန်မှာ။ ဒါကို ကျွန်တော်တို့က မလိုလားဘူး။ ကျွန်တော်တို့ရွာက အများဆန္ဒနဲ့ ရွေးကောက်လို့ ဘယ်သူပဲ မဲရသွားပါစေ အကုန်လုံးက လက်ခံမှာ။ ဒါကြောင့် ကျွန်တော်တို့က ပြန်ရွေးပေးစေချင်တာပါ"ဟု ပြောသည်။

ဆင်ပွတ်ကြီးကျေးရွာတွင်အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ရွေးကောက်ခံခွင့်ရှိသူ ရာအိမ်မှူးများဖြစ်သည့် ဦးဝင်းဆွေ၊ ဦးမြင့်သန်းနှင့် ဦးငွေတို့ကို ရွေချယ်ထားခဲ့ရာ မည့်သည့် ရွေးကောက်ပွဲကိုမျှ ကျင်းပခဲ့ခြင်းမရှိဘဲ ဇွန်လ ၁၉ ရက်နေ့က ဦးဝင်းဆွေကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ထုတ်ပြန်လိုက်သည့်အချိန်မှစ၍ ကန့်ကွက်ကြောင်းစာကို ဒေသခံများက အစိုးရအဖွဲ့ထံ ဇွန်လ ၂၀ ရက်နှင့်၂၂ ရက်တို့တွင် ပေးပို့ခဲ့သော်လည်း ယနေ့အချိန်အထိ ဖြေရှင်းပေးခဲ့ခြင်း မရှိကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများကဆိုသည်။

"ကျွန်မတို့ အမျိုးသမီးတွေကတော့ ဒီဖြစ်စဉ်မှာ ဘယ်သူဖြစ်ပါစေ၊ ဘယ်သူမဖြစ်ပါစေနဲ့ လုံးဝမပြောဘူး။ ဆန္ဒလည်းမရှိဘူး။ ကျွန်မတို့က ရွာဆန္ဒအရ ကျေနပ်ရင် ဘယ်သူလုပ်လုပ် ကျွန်မတို့က နောက်ကနေ ကူညီဆောင်ရွက်ပေးသွားမှာပါ။ မဲပေးပြီး ရွေးမှာပေါ့။"ဟု ကျေးရွာ အမျိုးသမီးခေါင်းဆောင် ဒေါ်တင်က ပြောသည်။

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပေးထားမှုနှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွှန့်လင်းက"လတ်တလော ဘာအစီအစဉ်မှမရှိဘူး။ကန့်ကွက်တာ သူတို့ဆန္ဒပါ။ဘာမှပြောစရာ မရှိပါဘူး။"ဟု မဇ္ဈိမကိုပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအား ကျေးရွာဒေသခံများ၏ ဆန္ဒမဲဖြင့် ပြန်လည်ရွေးချယ်ပေးရန်အတွက် ဆက်လက် တောင်းဆိုသွားမှာဖြစ်သလို ပုသိမ်ကြီးမြို့ပေါ်တက်၍ ဆန္ဒဖော်ထုတ်တောင်းဆိုရန်အတွက်လည်း စီစဉ်လျှက် ရှိသည်။