ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် မြန်မာစာကို ဘာသာရပ်တစ်ခုအဖြစ် သင်နိုင်ပြီ

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် မြန်မာစာကို ဘာသာရပ်တစ်ခုအဖြစ် သင်နိုင်ပြီ

ချင်းမိုင်၊ စက်တင်ဘာ ၂ ။         ။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တက္ကသိုလ်တွင် မြန်မာစာကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားနိုင်ရန်နှင့်မြန်မာ့ ယဉ်ကျေးမှုနှင့်မြန်မာ့ရိုးရာ များလေ့လာနိုင်ရန်မြန်မာ စင်တာကို စက်တင်ဘာလ ၂ ရက်က ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ချင်းမိုင်တက္ကသိုလ်တွင် လာမည့် ၂၀၁၅ ခုနှစ်မှစတင်၍ မြန်မာစာဌာန ထားရှိကာ မြန်မာစာ ဘာသာကို ၄ နှစ် သင်ကြားပြီး ဘွဲ့ပေးသွားမည်ဖြစ်ကြောင်း ချင်းမိုင်တက္ကသိုလ်မှ မြန်မာစာ သင်ကြား နေသော ဆရာမ ဒေါ်ယမင်းရွှေစင်ထိုက် က ပြောသည်။

“လာမယ့်နှစ်အတွက် ကျွန်မတို့ သင်ရိုးညွန်းတမ်းတွေ ပြင်ဆင်နေပြီ။ မြန်မာစာဌာနကို ဖွင့်မယ်။ ဖွင့်ရတဲ့ အကြောင်းရင်းက ဒီမှာရှိတဲ့ ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံခြားသားရော။ ထိုင်း၊ မြန်မာ လူမျိုးပဲ ဖြစ်ဖြစ်၊ သူတို့လိုချင်တဲ့ အချက်အလက် အကြောင်းအရာတွေ လေ့လာခွင့်ရှိမယ်။ မြန်မာ့ ယဉ်ကျေးမှုတွေ လေ့လာလို့ရမယ်။ ရည်ရွယ်ချက်ကတော့ မြန်မာစာချစ်တဲ့လူ ဘယ်သူမဆို ကျမတို့ အခန်းလေးထဲမှာ ဒီနိုင်ငံမှာလာပြီး ရှာဖွေပြီး အနားယူလို့ရအောင်လို့ပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

မြန်မာစာကို ချစ်မြတ်နိုးသူ မည်သူမဆို လာရောက်သင်ယူနိုင်ရန် ရည်ရွယ်၍ မြန်မာ စင်တာ ကို ဖွင့်လှစ်ရခြင်း ဖြစ်သည်ဟု သူက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဧပြီလ ၂၃ ရက်တွင် ချင်းမိုင် တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့ MOU လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း သူက ပြောသည်။

ထိုင်းနှင့် မြန်မာတက္ကသိုလ် ကျောင်းသားများအတွက် အခွင့်အရေးအဖြစ် ထိုင်းနှင့်မြန်မာ ကျောင်းသားများ အပြန်အလှန် သွားရောက် လေ့လာနိုင်မည်ဖြစ်ရာ ပြီးခဲ့သည့် ၂ လကလည်း ထိုင်းကျောင်းသား များ၈ ဦး မြန်မာနိုင်ငံသို့ သွားရောက်၍ မြန်မာစာ၊ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာစကားနှင့် မြန်မာ့ ဓလေ့ထုံးစံများကို သွားရောက်သင်ယူခဲ့ပြီး ဖြစ်ကြောင်း သူကပြောသည်။

အလားတူ လာမည့် အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား ၁၉ ဦး ထိုင်းနိုင်ငံသို့ လာရောက်၍ ထိုင်းရိုးရာယဉ်ကျေးမှု၊ ဘာသာစကားများ သင်ယူမည်ဖြစ်သကဲ့သို့ ထိုင်းနိုင်ငံ၏ ပညာရေးစနစ်နှင့် ပတ်သက်၍ လာရောက်လေ့လာကြမည် ဖြစ်ကြောင်း ဆရာမ ဒေါ်ယမင်းရွှေစင်ထိုက် က ပြောသည်။

ယနေ့ မြန်မာစင်တာဖွင့်ပွဲသို့ မြန်မာကောင်စစ်ဝန် ဦးကောင်ဆန်းလွင် ကိုယ်တိုင်တက်ရောက် ၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာစာကို ပိုမို စိတ်ဝင်စားလာကြသလို ၊နှစ်နိုင်ငံကျောင်းသူကျောင်းသားများ ပညာရေးအတွက် အခွင့်အရေးများ ပိုမို ရရှိလာမည်ဖြစ်ကြောင်း ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန် ကောင်ဆန်းလွင်က မဇ္ဈိမကိုပြောသည်။

“နှစ်နိုင်ငံ ချင်းမိုင်နဲ့ ကျိုင်းတုံ ညီအစ်မမြို့တော်လို့ MOU ထိုးပြီးတော့ ဖွင့်လိုက်တာ။ ယဉ်ကျေး မှုအရရော။ တခြားစီးပွားရေးအရ ထိတွေ့ဆက်ဆံတာ များလာတဲ့အတွက် ဒီမြန်မာဘာသာကို စိတ်ဝင် စားတာပေါ့။ ထိုင်းဘက်က။ နောက်ပိုင်းမှာ ချင်းမိုင်တက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္က သိုလ်တို့ ပေါင်းပြီးတော့ ဟိုကဆရာတွေလည်း ဒီကိုလာသင်ပေး။ ဒီကဆရာတွေလည်း ဟိုကို သွားလေ့လာ။ ကျောင်းသားတွေလည်း ဒီမှာလာလေ့လာ။ ပညာရေးအတွက် အများကြီးဘဲ အခွင့်အ ရေးတွေ ရသွားတာပေါ့နော်” ဟု သူက ပြောသည်။

ထိုင်းနှင့် မြန်မာနိုင်ငံကြား ပေါင်းကူးဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန်အတွက် ချင်းမိုင်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တို့အား ညီအစ်မမြို့တော် ပေါင်းကူးဆက်ဆံရေး ကုန်စည်ပြပွဲကို နှစ်နိုင်ငံ အုပ်ချုပ်ရေးဌာနများ ပူးပေါင်း၍ ကျိုင်းတုံဟိုတယ်အမှတ် ၁ တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်မှ ၂၉ ရက်နှစ်ရက်ကြာ ကျင်းပခဲ့သည်။

အလားတူ လက်ရှိ စီးပွားရေး၊ လူမှုရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရန် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်ကလည်း ချင်မိုင်မြို့တွင် မြန်မာ ကောင်စစ်ဝန်ရုံးကို ဖွင့်လှစ်ခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly