တရုတ်တင်သွင်းထားသည့် စီးပွားစင်္ကြန်လမ်း ၂၀၁၈ အတွင်းလက်မှတ်ထိုးမည်

တရုတ်တင်သွင်းထားသည့် စီးပွားစင်္ကြန်လမ်း ၂၀၁၈ အတွင်းလက်မှတ်ထိုးမည်

ရန်ကုန်၊ ဇူလိုင် ၁၁ ။          ။ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်လမ်းနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် လက်မှတ် ရေးထိုးသွားရန်ရှိနေသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တရုတ်ခေါင်းဆောင်များမှ တင်သွင်းထားသည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန်လမ်းဖော်ဆောင်ရန်အတွက် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြပြီး လက်ရှိအချိန်တွင် နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ထိုးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ဇူလိုင်လ ၉ ရက်နေ့က ဆိုသည်။

"လက်မှတ်ထိုးဖို့ကျန်တယ်။ လက်မှတ်ထိုးမယ့်ဟာကတော့နှစ်ဦးနှစ်ဘက်မဆုံးဖြတ်ရသေးဘူး။ သို့သော်ကျွန်တော်တို့ကဖြစ်နိုင်ခြေရှိတာကတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ ထိုးဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်ပြည်သို့ သွားရောက်ကာ နားလည်မှုစာချွန်လွှာ(MOU) ကို အပြီးသတ်ဆွေးနွေးခဲ့ကြသည်။

၄င်း MOU နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ လိုအပ်သည်များကို ပြင်ဆင်ခဲ့ကာ အလားတူ တရုတ်နိုင်ငံဘက်မှလည်း လုပ်ထုံးလုပ်နည်းဖြင့် အတည်ပြုသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိ က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင်တွေ့ဆုံစဉ်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းဖော်ဆောင်ရန်အဆိုကို တင်သွင်းခဲ့သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်အစပြုသည့် ၄င်းစင်္ကြန်လမ်းသည် မြန်မာနိုင်ငံ မန္တလေးမြို့နှင့် ချိတ်ဆက်ကာ ရန်ကုန်မြို့၊ ရခိုင်အထူးစီးပွားရေးဇုန်များသို့ ဆက်သွယ်ထားသည့် မဏ္ဍိုင် ၃ရပ်ပါ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအဖြစ် ရည်ရွယ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly