လက်နက်ကိုင်ပဋိပက္ခများ ဖြစ်နေရခြင်းသည် ကိုလိုနီနယ်ချဲ့တို့ သွေးခွဲအုပ်ချူပ်ခဲ့မှုကြောင့်ဟု တပ်ချူပ်ဆို

လက်နက်ကိုင်ပဋိပက္ခများ ဖြစ်နေရခြင်းသည် ကိုလိုနီနယ်ချဲ့တို့ သွေးခွဲအုပ်ချူပ်ခဲ့မှုကြောင့်ဟု တပ်ချူပ်ဆို
ဓာတ်ပုံ - ဇေယျာမော်

နေပြည်တော်၊ ဇူလိုင် ၁၁ ရက်။                      ။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ၏ မူလအရင်းခံဇစ်မြစ်သည် ကိုလိုနီခေတ် ဗြိတိသျှနယ်ချဲ့တို့ လက်ထက်ကတည်းက ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဇူလိုင် ၁၁ ရက်နေ့တွင် နေပြည်တော်၌ စတင်ကျင်းပြုလုပ်နေသည့် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

" ဒီလိုသွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့တာ၊ ပြည်နယ်၊ ပြည်မ အထင်အမြင်လွဲ သွေးကွဲခဲ့တာတွေ ဖြစ်ခဲ့ရပါတယ်။ ဂျပန်တွေ မြန်မာနိုင်ငံကဆုတ်ခွာပြီး ဗြိတိသျှတွေက စက္ကူဖြူစာတမ်းကို အကောင်အထည်ဖော် အုပ်ချုပ်ရာမှာလည်း တိုင်းရင်းသားဒေသတွေကို ဆက်လက် သွေးခွဲအုပ်ချုပ်ဖို့ တောင်တန်း ဒေသအုပ်ချုပ်ရေးဌာန(Frontier Area Administration) ကို ဖွင့်လှစ်ခဲ့ပြန်တယ်။ သွေးခွဲမှုအရှိန်အဟုန် ပြင်းထန်လာပြီး မြန်မာ့လွတ်လပ်ရေးရရှိတဲ့အခါ တိုင်းရင်းသားဒေသတွေကို ချန်လှပ်ထား နိုင်ဖို့ ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ တိုင်းရင်းသားဒေသတွေနဲ့ ပြည်မဒေသအကြား နိုင်ငံရေးအရ ဆက်သွယ်မှု မပြုနိုင်ဖို့ နိုင်ငံရေးလှုပ်ရှားမှုရှိသူများကို နယ်ခြားဒေသကျော်ဖြတ်မှုချုပ်ကိုင်ရေးဥပဒေ( Frontier Crossing Act) ကိုသုံးပြီး ဖမ်းဆီးချုပ်နှောင်ခြင်း၊ နယ်နှင်ခြင်းတို့ ပြုလုပ်ခဲ့ကြတယ်။ ဒီသွေးခွဲအုပ်ချုပ်ခံခဲ့ရခြင်း အကျိုးဆက်တွေဟာ ပင်လုံစာချုပ်ချုပ်ဆိုဖို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြုလုပ်တဲ့ ပင်လုံ ညီလာခံကျင်းပရာမှာ ကြီးမားတဲ့ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဒီနေ့အထိ ရိုက်ခတ်မှု အကျိုးသက်ရောက်မှုများ ရှိနေဆဲဖြစ်တယ်။ ဒီသွေးခွဲ အုပ်ချုပ်မှုရဲ့အကျိုးဆက်ကြောင့် ပျက်ပြားခဲ့ရတဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်ရေးမညီမျှမှု၊ အဲဒီကနေတစ်ဆင့် မြစ်ဖျားခံလာတဲ့ လက်နက် ကိုင်ပဋိပက္ခတွေကို သမိုင်းစာမျက်နှာပေါ်က ဖျောက်ဖျက်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားရတာ၊ ဖွံ့ဖြိုး တိုးတက်မှုမညီမျှရတာနဲ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာရတာဟာ လွတ်လပ်ရေးရပြီးမှ အစပျိုးဖြစ်ပွား လာရသယောင် ပြောဆိုပုံဖော်နေမှုတွေဟာ မလုပ်သင့်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။" ဟု တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ထိုသို့ သွေးခွဲအုပ်ချုပ်မှု အကျိုးဆက်များကြောင့် နိုင်ငံရေး၊ ဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေး မကျေနပ်ချက်များကြောင့် ပေါ်ပေါက်လာသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းစေဖို့နှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မြန်မာနိုင်ငံအစိုးရ အဆက်ဆက်က ကြိုးပမ်းခဲ့ကြကြောင်း ၎င်း၏ မိန့်ခွန်းတွင် ပါရှိသည်။

ယင်းအပြင် ငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက်ရာတွင်လည်း ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတိုင်းတွင် တပ်မတော်အနေဖြင့် ထဲထဲ ဝင်ဝင်ပူးပေါင်းပါဝင်ပြီး အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်များ၊ နိုင်ငံတော်လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးအတွက် ဆောင်ရွက် ချက်များကိုသာ ဆောင်ရွက်ခဲ့ကြောင်း ခိုင်ခိုင်မာမာပြောလိုသည်ဟု  ဆိုသည်။

ဆက်လက်၍ ၎င်းက ပြောကြားရာတွင် " ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော် အကြားမှာ ပြဿနာကြီးငယ် တစ်စုံတစ်ရာမရှိဘဲ သက်ဆိုင်ရာ အစိုးရများနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများအကြားမှာသာ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်များ ရှိကြောင်း" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

မိန့်ခွန်းအပြည့်အစုံ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

 

ကြွရောက်လာကြတဲ့ နိုင်ငံတော်အစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များနဲ့ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သပါတယ်။

ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေအပေါ် ယုံကြည်ချက် ပြည့်ပြည့်ဝဝနဲ့ ယနေ့စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို တက်ရောက်လာကြတဲ့ အတွက်လည်း လေးစားဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်များကိုလည်း ကြိုဆိုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ငြိမ်းချမ်းရေးဆိုတာ နိုင်ငံတိုင်းလူမျိုးတိုင်းအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အရိပ်အာဝါသတစ်မျိုးဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတဲ့ အရိပ်ကောင်းရှိမှသာ တည်ငြိမ်အေးချမ်းတဲ့ လူ့ပတ်ဝန်းကျင်၊ သာယာနာပျော်ဖွယ်ကောင်း တဲ့ လူမှုဘဝ၊ ဖွံ့ဖြိုး တိုးတက်တဲ့ အခြေခံအဆောက်အအုံတွေကို ဖန်တီးတည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံ တစ်နိုင်ငံအတွက်လိုအပ်တဲ့ အရင်းအမြစ်ကောင်းတွေ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပေ မယ့် ငြိမ်းချမ်းရေးအရင်းအမြစ်ကောင်းတွေကတော့ လိုအပ်နေဆဲပဲ ဖြစ်တယ်ဆိုတာ အားလုံးလက်ခံရမည့် ပကတိအရှိတရားဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဟာ ရှည်လျားလှပါတယ်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဟာလည်း ရှည်လျားခဲ့သလို ငြိမ်းချမ်းရေးတည်ဆောက်မှု သမိုင်းဟာလည်း ရှည်လျားလှပါတယ်။ သမိုင်းဆိုတာ မိမိတို့ဖြတ်သန်းခဲ့ရတဲ့ ကာလတစ်လျှောက်မှာ ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ အဆိုး၊ အကောင်းတွေကို အကျိုး၊ အကြောင်းနဲ့ ထင်သာမြင်သာအောင် မီးမောင်းထိုးပြတဲ့ ကြေးမုံပြင်တစ်ချပ်ပါပဲ။ အဲဒီသမိုင်း စာမျက် နှာတွေကို အစွဲကင်းကင်းနဲ့ပြန်ကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဖြစ်ရပ်မှန်တွေကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ခေတ်စားနေတဲ့ “အတိတ်သမိုင်းရဲ့ အကျဉ်းသားမဖြစ်စေနဲ့” ဆိုတဲ့ စကားဟာ ဒီသမိုင်းထဲက အတိတ်ရဲ့နာကြည်းစရာတွေ၊ ရန်ငြိုးရန်စ ဖြစ်စရာတွေ သတိပေးထားခြင်းဖြစ်တာကြောင့် သင်ခန်းစာယူရမှာ တွေကိုတော့ ဆက်လက်သင်ခန်းစာရယူပြီး အမြင်သစ်၊ အသွင်သစ်နဲ့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်ရတယ်ဆိုတဲ့ နိယာမတရားအရဖြစ်ပေါ်ခဲ့တဲ့ အကြောင်းတရားများကို မှန်မှန် ကန်ကန် ဝေဖန်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။

ပထမဦးစွာ ကျွန်တော်တို့နိုင်ငံမှာဖြစ်ပွားခဲ့ရတဲ့၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရခြင်းရဲ့ မူလအရင်းခံဇာစ်မြစ်ကို လေ့လာကြည့်ရင် ကိုလိုနီခေတ်ဗြိတိသျှနယ်ချဲ့တို့ လက်ထက်ကတည်းက ကျင့်သုံး ခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်နဲ့ နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုတွေ ကြောင့်ဆိုတာတွေ့ရမှာ ဖြစ်ပါတယ်။ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တပ်မတော်ရဲ့ အကြား မှာ ပြဿနာကြီးငယ်တစ်စုံတစ်ရာမရှိဘဲ သက်ဆိုင်ရာအစိုးရများနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ အကြားမှာ သာ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်တွေရှိကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးဟာ ရှေးနှစ်ပေါင်းများစွာကတည်းက တစ်မြေ တည်းနေ၊ တစ်ရေတည်းသောက် အတူတကွ ပူးပေါင်းနေထိုင်ခဲ့ကြတာပါ။ သက္ကရာဇ် ၄၇၄ ခုနှစ်မှာ ရေးထိုးခဲ့တဲ့ မြစေတီကျောက်စာမှာ ဘာသာစကား ၄ မျိုးနဲ့ ရေးထိုးထားရာမှာ ပါဠိအပြင် ပျူ၊ မွန်၊ မြန်မာစတဲ့ တိုင်းရင်း သားဘာသာစကားတွေ ပေါင်းစည်းထားခြင်းဟာ ပထမမြန်မာနိုင်ငံ လက်ထက်ကတည်းက ကျွန်တော်တို့ နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံအသွင်နဲ့ ရပ်တည်ခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်။

ဗြိတိသျှကိုလိုနီလက်အောက် တစ်နိုင်ငံလုံးကျရောက်ပြီးတဲ့ အချိန်မှာလည်း တိုင်းရင်းသားအားလုံးပါဝင်တဲ့ ၁၀ နှစ်ကြာ မျိုးချစ်စစ်ပွဲကြီးကို ဆင်နွှဲပြီး လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို စတင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကိုလိုနီခေတ်ကနေ ဒီနေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေသဘော ပြဌာန်းခဲ့တဲ့ ဥပဒေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါင်း ၆ ခုရှိခဲ့ကြောင်းတွေ့ရပါတယ်။ ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွေ ဟာတော့ လွတ်လပ်ရေးရပြီးခေတ် မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ အခြေခံဥပဒေများဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီ လက်ထက်မှာ ဗြိတိသျှပါလီမန်ကပြဋ္ဌာန်းတဲ့ ၁၉၁၉ ခုနှစ် အိန္ဒိယစီရင်အုပ်ချုပ်မှုအက်ဥပဒေ (The Government of India Act, 1919)၊ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေ (The Government of Burma Act,1935)နဲ့ ဂျပန်ခေတ် ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သော ဥပဒေ (၁၉၄၃ ခုနှစ်)တို့ဟာ ကိုလိုနီခေတ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေတွေပဲ ဖြစ်ပါတယ်။ အဲဒီထဲက ၁၉၁၉ ခုနှစ် အိန္ဒိယစီရင်အုပ်ချုပ်မှုဥပဒေအရ ၁၉၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ဒိုင်အာခီအုပ်ချုပ်ရေး ပေးခဲ့ပါတယ်။ ဒါပေမယ့် ရှမ်း၊ ချင်းနဲ့ ကချင်ဒေသတွေကိုတော့ ချန်လှပ်သွေးခွဲအုပ်ချုပ်ခဲ့ပြီး ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ မြန်မာနိုင်ငံကို ၉၁ ဌာန အုပ်ချုပ်ရေးစနစ် တိုးမြှင့်ပေးခဲ့ပေမယ့် တိုင်းရင်းသားဒေသတွေကိုတော့ ဒီတိုးမြှင့်မှုကနေချန်လှပ်ပြီး ဆက်လက်သွေးခွဲအုပ်ချုပ်ခဲ့တာ တွေ့ရတယ်။ တိုင်းရင်းသားဒေသတွေကို အပိုင်း(၁) ဇယားဝင်ဒေသ( Part I Scheduled Area)၊ အပိုင်း(၂)ဇယားဝင်ဒေသ (Part II Scheduled Area)ဆိုပြီး ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်တဲ့ဒေသနဲ့ ဘုရင်ခံက စိတ်ကြိုက်ကိုယ်စား လှယ် ခန့်အပ်အုပ်ချုပ်ခွင့်ပြုထားတဲ့ဒေသဆိုပြီး အကွဲကွဲအပြားပြား သွေးခွဲအုပ်ချုပ် ခဲ့ကြတယ်။ ဒီလိုသွေးခွဲ အုပ်ချုပ်မှုကို အဲဒီခေတ်က မြန်မာ့လွတ်လပ်ရေး ဦးဆောင်အဖွဲ့ကြီးဖြစ်တဲ့ တို့ဗမာအစည်းအရုံးက ၁၉၃၈ ခုနှစ်၊ မော်လမြိုင် ညီလာခံကနေစပြီး တောက်လျှောက်ကန့်ကွက်ခဲ့ပါတယ်။

ဒီလိုသွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့တာ၊ ပြည်နယ်၊ ပြည်မ အထင်အမြင်လွဲ သွေးကွဲခဲ့တာတွေ ဖြစ်ခဲ့ရပါတယ်။ ဂျပန်တွေ မြန်မာနိုင်ငံကဆုတ်ခွာပြီး ဗြိတိသျှတွေက စက္ကူဖြူစာတမ်းကို အကောင်အထည်ဖော်အုပ်ချုပ်ရာမှာလည်း တိုင်းရင်းသားဒေသတွေကို ဆက်လက် သွေးခွဲအုပ်ချုပ်ဖို့ တောင်တန်း ဒေသအုပ်ချုပ်ရေးဌာန(Frontier Area Administration)ကို ဖွင့်လှစ်ခဲ့ပြန်တယ်။ သွေးခွဲမှုအရှိန်အဟုန် ပြင်းထန်လာပြီး မြန်မာ့လွတ်လပ်ရေးရရှိတဲ့အခါ တိုင်းရင်းသားဒေသတွေကို ချန်လှပ်ထား နိုင်ဖို့ ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ တိုင်းရင်းသားဒေသတွေနဲ့ ပြည်မဒေသအကြား နိုင်ငံရေးအရ ဆက်သွယ်မှုမပြုနိုင်ဖို့ နိုင်ငံရေးလှုပ်ရှားမှုရှိသူများကို နယ်ခြားဒေသကျော်ဖြတ်မှုချုပ်ကိုင်ရေးဥပဒေ( Frontier Crossing Act) ကိုသုံးပြီး ဖမ်းဆီးချုပ်နှောင်ခြင်း၊ နယ်နှင်ခြင်းတို့ ပြုလုပ်ခဲ့ကြတယ်။ ဒီသွေးခွဲအုပ်ချုပ်ခံခဲ့ရခြင်း အကျိုးဆက်တွေဟာ ပင်လုံစာချုပ်ချုပ်ဆိုဖို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြုလုပ်တဲ့ ပင်လုံ ညီလာခံကျင်းပရာမှာ ကြီးမားတဲ့ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဒီနေ့အထိ ရိုက်ခတ်မှု အကျိုးသက်ရောက်မှုများ ရှိနေဆဲဖြစ်တယ်။ ဒီသွေးခွဲ အုပ်ချုပ်မှုရဲ့အကျိုးဆက်ကြောင့် ပျက်ပြားခဲ့ရတဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်ရေးမညီမျှမှု၊ အဲဒီကနေတစ်ဆင့် မြစ်ဖျားခံလာတဲ့ လက်နက် ကိုင်ပဋိပက္ခတွေကို သမိုင်းစာမျက်နှာပေါ်က ဖျောက်ဖျက်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားရတာ၊ ဖွံ့ဖြိုး တိုးတက်မှုမညီမျှရတာနဲ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာရတာဟာ လွတ်လပ်ရေးရပြီးမှ အစပျိုးဖြစ်ပွား လာရသယောင် ပြောဆိုပုံဖော်နေမှုတွေဟာ မလုပ်သင့်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊ မတ်လမှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အဲဒီအချိန်က ဦးနု ဦးဆောင်တဲ့ ဖဆပလအစိုးရကို ဝါဒရေးရာအရဆန့်ကျင်ပြီး တောခိုသွားခြင်းဖြင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ကွန်မြူနစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂိုရှယ်ဟာ စာတမ်းတစ်ခုရေးပြီး ဗိုလ်တာရာရဲ့ ပျဉ်းမနားသူပုန်နယ်မြေ၊ ဦးစိန္တာနဲ့ ဗုံပေါက်သာကျော်တို့ရဲ့ ရခိုင်သူပုန်နယ်မြေများကို ထောက်ခံ ရန်နဲ့ ၎င်းနယ်မြေတွေကို လွတ်မြောက်ရေးဒေသအဖြစ်သတ်မှတ်ပြီး တစ်စတစ်စတိုးချဲ့သွားဖို့ တစ်နိုင်ငံလုံး ဆူပူသောင်းကျန်းဖို့ လှုံ့ဆော်ခဲ့ပါတယ်။ ကွန်မြူနစ်နဲ့ ဖဆပလ၊ ရဲဘော်ဖြူနဲ့ ဖဆပလ ဝါဒရေးရာကွဲပြားမှုတွေ ဆက်ဖြစ်ပြီး အဖွဲ့အစည်းအသီးသီးက တပ်မတော်ကို ၎င်းတို့ဘက်ပါရေး အပြင်းအထန်ဆွဲဆောင်ခဲ့ကြပါတယ်။ ထိုစဉ်က အဓိကတပ်မတော်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် နေဝင်း လက်မခံခဲ့ပါဘူး။ မရှေးမနှောင်းမှာပဲ ကရင်လူမျိုးရေး၊ သီးခြားကရင်ပြည်နယ် ထူထောင်ရေးရည်မှန်းချက်နဲ့ ကရင်လက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက် လာရပြန်တယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဂျာဟစ်သူပုန်တွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိချိန်ကစပြီး ဘာသာရေးနဲ့ သီးခြားပြည်နယ်ထူထောင်ရေး ရည်မှန်းချက်နဲ့ ဖဆပလ အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေကြပြီးဖြစ်ပါတယ်။ ဒီနေ့အထိ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်နေရဆဲဖြစ်တဲ့ ကချင်ဒေသမှာ KIO လက်နက်ကိုင်အဖွဲ့ ပေါ်ပေါက်လာရခြင်းဟာ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့မှာ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ ပြည်ထောင်စုပါတီ(ပထစ)အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်လို့ ဘာသာရေးအခြေခံပြီး ပေါ်ပေါက်ခဲ့ရတာကို နောက်မှတိုင်းရင်းသားရေးလို့ပြောလာတာ ဖြစ်ပါတယ်။ ကျန် လက်နက်ကိုင် အဖွဲ့များဟာလည်း နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေးနဲ့ ဘာသာရေးတို့ကိုအခြေခံပြီး ပေါ်ပေါက်လာရတာပဲဖြစ်လို့ တပ်မတော်ကြောင့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ပေါက် လာရသယောင်၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ရသယောင် ပြောဆိုနေခြင်းများဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အန္တရာယ်များလှတဲ့ လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။ တပ်မတော်ရဲ့ ဆောင်ရွက် ချက်များဟာ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို အကာအကွယ်ပေးခြင်းနဲ့ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့အကျိုးစီးပွားကို အကာအကွယ်ပေးခြင်းသာ ဖြစ်ပါတယ်။

သွေးခွဲအုပ်ချုပ်မှုအကျိုးဆက်တွေ၊ နိုင်ငံရေး၊ ဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးမကျေနပ်ချက်တွေကြောင့် ပေါ်ပေါက်လာတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို ချုပ်ငြိမ်းစေဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မြန်မာနိုင်ငံအစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ကြပါတယ်။ အောင်မြင်ခဲ့တဲ့ အပိုင်းတွေရှိသလို မအောင်မြင်တဲ့ အပိုင်းတွေလည်း ရှိခဲ့ပါတယ်။ ဘာကြောင့်အောင်မြင်ခဲ့တယ်၊ ဘာကြောင့်မအောင်မြင်ခဲ့ဘူး။ ဘယ်သူတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့တယ်၊ ဘယ်သူတွေနဲ့တော့ မတည်ဆောက်နိုင်ခဲ့ဘဲ ဘာကြောင့် ပျက်ပြားခဲ့ရတယ်ဆိုတာ သမိုင်းမှာ အထင်အရှားရှိပါတယ်။ သို့သော် အခိုင်အမာပြောနိုင်တာ တစ်ခုကတော့ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတိုင်းမှာ တပ်မတော်အနေနဲ့ ထဲထဲ ဝင်ဝင်ပူးပေါင်းပါဝင်ပြီး အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်များ၊ နိုင်ငံတော်လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်ထောင်စုမပြိုကွဲရေးအတွက် ဆောင်ရွက် ချက်များကိုသာ ဆောင်ရွက်ခဲ့ကြောင်း ခိုင်ခိုင်မာမာပြောလိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် သမိုင်းကြောင်းနဲ့ယှဉ်ပြီးရှင်းပြမှ ခိုင်မာမှုရှိမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာစ ၃ လနဲ့ ၆ လအတွင်း ၁၉၄၈ ခုနှစ်၊ မတ်လနဲ့ ဇွန်လတို့မှာပဲ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ စတင်ခဲ့ပါတယ်။ အဲဒီခေတ်က ဖဆပလအစိုးရအနေနဲ့ အစောဆုံး ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုအဖြစ် မေလ ၁၅ ရက်နေ့မှာ ဦးနုငြိမ်းချမ်းရေးမူ ၁၅ ချက်၊ ဒါကို လက်ဝဲညီညွတ်ရေးမူ ၁၅ ချက်လို့ လူသိများခဲ့ပါတယ်။ ဒါကို ထုတ်ပြန်ခဲ့ တယ်၊ ဒါကိုအကောင်အထည်ဖော်ဖို့ အစိုးရရဲ့ ဦးဆောင်မှုနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကို ဥက္ကဋ္ဌခန့်ထားပြီး လက်ဝဲစည်းရုံးရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်စေခဲ့ကြောင်းတွေ့ရပါတယ်။

တော်လှန်ရေးကောင်စီ ခေတ်မှာတော့ ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ “ပြည်တွင်းငြိမ်းချမ်းရေး အတွက် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းအားလုံးသို့ တော်လှန်ရေး ကောင်စီကမ်းလှမ်းချက်”ကို ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးတည်ဆောက်မှု ကို စတင်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ဦးဆောင်ပါဝင်ခဲ့ရပါတယ်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်မှာတော့ ၁၉၈၀ ပြည့်နှစ်လောက်ကစပြီး ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကြိုးပမ်းခဲ့ရာ ၁၉၈၁ ခုနှစ်လောက်မှာ တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ခဲ့ပါတယ်။ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် တိုင်းမှူးများကအဖွဲ့ဝင်အဖြစ် ထဲထဲဝင်ဝင် ပါဝင်ခဲ့ရပါတယ်။ အဲဒီနှစ်တွေမှာပဲ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် အစိုးရကိုယ်စား ဆောင်ရွက်နိုင်ဖို့ တပ်မတော်က မြောက်ပိုင်းတိုင်း စစ်ဌာ နချုပ်၊ တိုင်းမှူးဦးဆောင်တဲ့ ကချင်ပြည်နယ် အာဏာပိုင်အဖွဲ့အစည်းကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက တာဝန်ပေးအပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်မှာတော့ တပ်မတော်က ဦးဆောင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၂၃ ဖွဲ့၊ စုစုပေါင်းအဖွဲ့ ၄၀ နဲ့ ငြိမ်းချမ်းရေးရယူနိုင်ခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီခေတ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှာ ကြေညာချက်အမှတ်၊ ၁/၂၀၁၁ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလိုဖိတ်ခေါ် တဲ့ ဖိတ်ခေါ်ချက်ထဲမှာ “နိုင်ငံတော်သည် ဒို့တာဝန်အရေး(၃)ပါးကိုထိန်းသိမ်းပြီး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရန်” ဆိုတဲ့ ရည်မှန်းချက်နဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဒို့တာဝန်အရေး(၃)ပါးကို လက်ခံရမယ်။ ခွဲထွက်ရေးကိစ္စမပြောဖို့နဲ့ ရွေးကောက်ပွဲလမ်းကြောင်းသည်သာ အဓိကဖြစ်တယ်ဆိုတာ အကြိမ်ကြိမ် ရှင်းလင်းပြီးမှ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာပါ။ ဒါ့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတိုင်းဟာ ပြည်ထောင်စုရဲ့ အမျိုးသား အကျိုးစီးပွားကို လိုက်နာစောင့်ထိန်းကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ တပ်မတော်သားတွေအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ စတဲ့ ကော်မတီအသီးသီးမှာ ထိထိရောက်ရောက် ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)ကို ယခုဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ သဘောတူညီချက် ရယူချုပ်ဆို နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်နေတဲ့ အစိုးရ လက်ထက်မှာလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ အဆင့်ဆင့် တို့မှာ တပ်မတော်က ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လျင်မြန် အောင်မြင်စေရေးအတွက် အတွေ့အကြုံများနဲ့ယှဉ်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်လျက်ရှိပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ မလွှဲမရှောင်သာ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ကျွန်တော်တို့ တပ်မတော်သားများက ငြိမ်းချမ်းရေးကို အလိုလားဆုံးဖြစ်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ပြည်ထောင်စုနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို မထိခိုက်တဲ့ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို မထိခိုက်နိုင်တဲ့ ငြိမ်းချမ်းရေးကို ဖြစ်နိုင်သမျှ အမြန်ဆုံးရချင်တယ်လို့ ပြောလိုပါတယ်။

ငြိမ်းချမ်းရေးသဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး အယူအဆအမျိုးမျိုး ကွဲပြားနေတာတွေရှိပါတယ်။ တပ်မတော်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်ကနေစပြီး ၁၉၉၉ ခုနှစ်အထိ ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့ အစည်း(၄၀)ရှိခဲ့ပါတယ်။ ၎င်းအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရယူခဲ့ရာမှာ KIO၊ KIA အဖွဲ့မှအပ ကျန်အဖွဲ့များ နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဆိုတာမရှိဘဲ တစ်ဖွဲ့ချင်းအလိုက်သာ တွေ့ဆုံဆွေးနွေးသဘောတူခဲ့တဲ့ ယာယီ နေထိုင်ရန် နယ်မြေကန့်သတ် သဘောတူညီချက်တွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် သဘောတူညီချက်တွေစတဲ့ Gentleman Agreement တွေသာရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်စွဲကိုင်ထားပြီး အပစ်အခတ်ရပ်စဲ ထားတဲ့အခြေအနေ၊ အစိုးရအပေါ်ယုံကြည်လို့ လက်နက်စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးကို အစစ်အမှန် မြတ်နိုး တာကြောင့် လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်တဲ့ အခြေအနေဆိုပြီး အမျိုးမျိုးကွဲပြားစွာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့ပါတယ်။ အဲဒီခေတ်က ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့တဲ့ အနေအထား ရှိပြီးဖြစ်လို့ ဒီနေ့ဖော် ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်စရာမလိုဘူးဆိုပြီး အချို့ကယူဆနေကြပါတယ်။

ခေတ်ကာလချင်း၊ အခြေအနေချင်း၊ အုပ်ချုပ်မှုစနစ်ချင်းမတူတော့ဘူးဆိုတာ သတိချပ်ကြဖို့ လိုပါတယ်။ ယခင်ကစစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့ပြီး တိုင်းပြည်ရဲ့အာဏာ အရပ်ရပ်ကို တပ်မတော်အစိုးရတစ်ခုတည်းက ထိန်းကျောင်းခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ဟာ ပြည်သူလူထု လိုလားတောင်းဆိုခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ နိုင်ငံတော်ကိုအုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့ အပြုအမူတွေ၊ အလေ့အထတွေ၊ လုပ်ဆောင်ချက် တွေရှိဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာလည်း ဒီမိုကရေစီစံနှုန်းတွေ အတိုင်း၊ အများစုက လက်ခံသဘောတူညီချက်တွေအတိုင်း အခြေခံထား ဆောင်ရွက်ကြဖို့လိုပါတယ်။ အမျိုးမျိုးကွဲပြားခြားနားစွာ ဆောင်ရွက်နေလို့ မရပါဘူး။ ဒီအတွက် ကျွန်တော်တို့မှာ အားသာချက် တစ်ရပ် အနေနဲ့ အင်အားစုတော်တော်များများက သဘောတူညီ လက်ခံထားပြီးဖြစ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ခိုင်ခိုင်မာမာရှိနေတာပဲ ဖြစ်ပါတယ်။

ဒီစာချုပ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့ပါတယ်။ ဒါ့ကြောင့် NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေမရှိလို့ လက်မှတ်ထိုးစရာမလိုဘူးလို့ ပြောဆိုနေတာတွေ၊ ယခင်သဘော တူညီချက်တွေရှိပြီး ဖြစ်တယ်လို့ ဆိုနေတာတွေဟာ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီကျင့်ဝတ်တွေနဲ့ ညီညွတ်မှုမရှိဘူးလို့ ပြောလိုပါတယ်။ NCA ဟာ အမည်နာမအားဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဖြစ်ပါတယ်။ အနှစ်သာရအားဖြင့် ဒီထက်ပိုမိုနက်ရှိုင်းကျယ်ပြန့်ပါတယ်။ စာချုပ်ရဲ့အခြေခံမူ ပထမအချက်မှာပဲ ဒီနေ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသာမက အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေ တောင်းဆို နေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်မယ်လို့ သဘောတူ သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ စာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ အဖွဲ့များကိုကြည့်ရင်လည်း တပ်မတော် အစိုးရ လက်ထက်ကတည်းက ငြိမ်းချမ်းရေးသဘောတူညီချက် ရယူခဲ့ပြီးအဖွဲ့တွေပါသလို အဲဒီခေတ်က ငြိမ်းချမ်းရေးမရယူနိုင်ခဲ့ဘဲ ဆက်လက်တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေ၊ ခေတ်အဆက်ဆက် တိုက်ပွဲဝင်လာခဲ့တဲ့ အဖွဲ့တွေ ပါဝင်ကြောင်း ထင်ရှားစွာ တွေ့ရမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ အချိန်မဆွဲပဲ ရဲရဲဝံ့ဝံ့လုပ်ဆောင် ကြဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာ လိုအပ်တာထက်ပိုပြီး အချိန်ကြာလာရင် ဘေး ပယောဂတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ်တာတွေရှိလာပြီး ရရှိပြီးဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်ထားတာတွေ၊ ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့ ရရှိပြီးသဘောတူညီချက်တွေ အားနည်း သွားနိုင်ပါတယ်။ ဒါကြောင့် အချိန်ပြည့်ညှိနှိုင်းဆွေးနွေးခြင်းများ၊ ရလဒ်ထွက်လာအောင် ဆွေးနွေးခြင်း များကို နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထာဝစဉ်ရှေးရှုပြီး စိတ်စေတနာထက်ထက် သန်သန်နဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ကိုယ်စားလှယ်များအနေနဲ့ တွေ့ဆုံဆွေးနွေးမှုကို ရေရှည်ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲရေးရလဒ်ရတဲ့အထိ ဆက်တိုက်ဆောင်ရွက်ဖို့ လိုပါမယ်။ ရလဒ်မထွက်မီ ဆွေးနွေးမှုရပ်နားပြီးနောက် အခြေအနေပြောင်းလဲမှုများ မကြာခဏတွေ့ရတဲ့ အတွက် ရလဒ်ထွက်သည်အထိ ဆွေးနွေးဖို့ ကျွန်တော်တိုက်တွန်းရခြင်းဖြစ်ပါတယ်။ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် တစ်ဆက်တည်းဆောင်ရွက်သွားပြီး ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပပြုလုပ်မယ့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေးဆောင်ရွက် သွားပါလို့ အလေးထား တိုက်တွန်းပြောကြားလိုပါတယ်။

နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားတစ်ခုတည်းကိုသာရှေးရှုပြီး ကျွန်တော်တို့ လက်ထက်မှာပဲ ခေတ်အဆက်ဆက် တောက်လောင်ခဲ့ရတဲ့ လက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင်ငြိမ်းသတ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ စည်းလုံးညီညွတ်ခိုင်ခံ့သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပြည်သူ့ဆန္ဒနဲ့အညီ တည်ဆောက်ချင်လို့သာဖြစ်ပါတယ်။

ဒီနေ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တက်ကြွစွာ ဦးဆောင်ဆောင်ရွက်နေခြင်းဟာ ကျွန်တော်တို့မှာ အင်အားချိနဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိချပ် စေလိုပါတယ်။ အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်တွေကိုသာ လိုက်နာရင် ဘာသေနတ်သံမှ ကြားရမှာမဟုတ်ပါဘူး။ ကိုယ့်လူကိုသာ နိုင်အောင်ထိန်းဖို့ အဓိပ္ပါယ်ကင်းမဲ့တဲ့ အကြောင်းပြချက်အမျိုးမျိုး မပေးဖို့ လိုပါမယ်။

ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးထက် အရေးကြီးတာ ဘာမှမရှိဘူး။ ဒီကာလမှာ နားလည်မှုလွဲမှားစေနိုင်တဲ့ ကိစ္စမျိုးတွေကို ရှေ့တန်းတင်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကိုဆွဲသွင်းလာခြင်းတို့မပြုလုပ်ဖို့ အရေးကြီးပါတယ်။ အချို့သော ဒေသမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဟာ ၅၂ သန်းသော တိုင်းရင်း သားပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုတာ မဟုတ်သလို နိုင်ငံရေးပါတီများဟာလည်း သူတို့ကို ထောက်ခံသူများကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူလူထုက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ပြည်သူလူထုကို ကိုယ်စားပြုရတဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။ မိမိတို့ရဲ့ ဖြစ်တည်မှုနဲ့ရပ်တည်မှုတို့ဟာ မှန်ကန်ဖို့ အထူးလိုတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ဆက်စပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လိုတဲ့ သဘောထားတွေ ကျွန်တော်တို့ သိပါတယ်။ တိုင်းရင်းသားပြည်သူလူထုရဲ့အကျိုးကိုရှေးရှုပြီး ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရဲ့ ဇယား ၂ -တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဥပဒေပြုစာရင်းမှာ အချက် (၃၄)ချက်၊ ဇယား၅-တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများမှာ အချက် (၂၀)ချက်တို့ကို ပြင်ဆင်ဖြည့်စွက်ပေးပြီး လုပ်ပိုင်ခွင့်များတိုးချဲ့ပေးခဲ့ပါတယ်။ ထပ်မံပြင်ဆင်လိုတာတွေရှိရင် ဆက်လက်ညှိနှိုင်း ဆွေးနွေးလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက် ကြဖို့လိုပါတယ်။ ရှိပြီးသား နိုင်ငံတော်အခြေခံမူ(၄၈)ချက် ခိုင်မာတည်တံ့ဖို့ လိုအပ်ပါတယ်။

ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံအပြင် မည်သည့်စနစ်ကျင့်သုံးတဲ့ နိုင်ငံမှာမဆို တစ်ခုတည်းသော တပ်မတော် တစ်ရပ်သာ ရှိပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့လည်း နိုင်ငံတကာက ကျင့်သုံးနေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုပေါ်ပေါက်လာဖို့ လက်နက်ကိုင် လမ်းစဉ်တွေ ချုပ်ငြိမ်းသွားရေးဟာ ပထမဦးစားပေးဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ မလိုလားအပ်တာတွေကို ဆွဲထည့် ဆွေးနွေးပြီး အချိန်ဆွဲနေမယ့်အစား တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိလာချိန်မှာ ရှေ့ဆက်ဆောင်ရွက် ရမယ့် လုပ်ငန်းများကို ဒီမိုကရေစီနည်းလမ်းတကျ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ထပ်မံပြောကြားလိုတာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့နေရာမှာ အချိန်ဆွဲဆောင် ရွက်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ကျွန်တော်တို့နိုင်ငံကို ပိုပြီးနိမ့်ကျအောင် ဆွဲနှစ်နေမှု တစ်ခု ဖြစ်တယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်။ ယခုအစည်းအဝေးဟာ ၂၀၁၈ ခုနှစ် နှစ်ဆန်းမှာ ကျင်းပရမယ့် အစည်းအဝေးဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှပြုလုပ်နိုင်တာပါ။ ကျွန်တော်တို့နိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ကျွန်တော်တို့မှာ လုပ်စရာအလုပ်တွေ အများကြီးရှိပါသေးတယ်။ ဟန်ရေးပြနေရုံနဲ့ မပြီးသေးပါဘူး။ စကားလုံး လှလှလေးတွေ ပြောဆိုငြင်းခုံနေရုံနဲ့လည်း မပြီးနိုင်ပါဘူး။ တိုင်းပြည်ရဲ့ အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ မြန်မာနိုင်ငံသားတွေအားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ညီညွတ်တဲ့ အင်အား၊ စွမ်းအားကို ပဲ့သွားဖို့ ယိုင်နဲ့သွားစေဖို့ နှဲ့နေ၊ သွေးထိုးနေတာ သတိပြုဖို့လိုပါတယ်။ “ပြိုင်တူတွန်း လျှင်ရွေ့နိုင်ပါသည်” ဆိုပေမယ့် ရွေ့အောင်မတွန်းနိုင်ရင် ကျွန်တော်တို့ အလုပ်လုပ်နေတာတွေဟာ အလုပ်ပြီးမြောက်မှုရလဒ်နဲ့ တိုင်းတာပါက “သုည”ပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို တစ်ကယ်ချစ်ရင် နိုင်ငံရဲ့တိုးတက်မှု လမ်းကြောင်းမှာ အဟန့်အတားဖြစ်နေတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို အချိန်မဆိုင်းဘဲဖယ်ရှားပစ်ဖို့၊ စိတ်ရင်းစေတနာအမှန်နဲ့ ဆက်လက်ဆောင်ရွက်သွားကြဖို့ တိုက်တွန်း လိုပါတယ်။ နိုင်ငံတော်ဟာ ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့နေရာမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးများနဲ့ အဖွဲ့အစည်းတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သာတူညီမျှတစ်ပြေးညီဖြစ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံများကိုလည်း ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု အဖြစ် တည်ဆောက်ရာမှာ ထာဝရငြိမ်းချမ်းတည်ငြိမ်တဲ့ နယ်စပ်ဒေသများ ဖြစ်စေရေးအတွက် အလေး ထားညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဧည့်သည်တော်များနဲ့ တာဝန်ရှိသူများခင်ဗျာ-

 နိဂုံးချုပ်အနေနဲ့ပြောကြားလိုတာကတော့ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်တွေ၊ ဆင်ခြင်တုံတရားနဲ့ ပြည့်စုံတဲ့အသိပညာတွေ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ခံယူကျင့်သုံးကာ စည်းလုံးညီညွတ်မှုကို တန်ဖိုးထားတတ်တဲ့ သိမ်မွေ့လေးနက်သော လူ့ဘောင်အဖွဲ့အစည်းသစ် တိုးတက်ဖြစ်ထွန်းလာဖို့ ငြိမ်းချမ်း ရေးကို ပြည့်အဝအောင်မြင်အောင်တည် ဆောက်ပြီးအနာဂတ်မျိုးဆက်သစ်များထံလွှဲပြောင်းပေးနိုင်တဲ့ သမိုင်း ပေးတာဝန်ကျေပွန်သူများအဖြစ် ကမ္ပည်း မှတ်တမ်းကောင်း ရေးထိုးနိုင်သူများဖြစ်အောင် အချိန်မဆွဲပဲ ကြိုးပမ်း ကြပါစို့လို့ တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly