ပူတင်နှင့် တွေ့ဆုံမှုက နေတိုးနှင့် ထိပ်သီးအစည်းအဝေးထက် ပိုပြီး အဆင်ပြေဖွယ်ရှိဟု ထရမ့် ပြော

ပူတင်နှင့် တွေ့ဆုံမှုက နေတိုးနှင့် ထိပ်သီးအစည်းအဝေးထက် ပိုပြီး အဆင်ပြေဖွယ်ရှိဟု ထရမ့် ပြော

ဘရပ်ဆဲလ်၊ ဇူလိုင် ၁၁ ။                     ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရုရှသမ္မတ ဗလာဒီမာပူတင်နှင့် ထိပ်သီးအစည်းအဝေးသည် နေတိုးထိပ်သီးအစည်းအဝေးထက် ပိုမိုလွယ်ကူအဆင်ပြေဖွယ် ရှိသည်ဟု ဇူလိုင် ၁၁ ရက်က ပြောလိုက်သည်။

နေတိုးထိပ်သီးအစည်းအဝေး မတိုင်မီ အီးယူမဟာမိတ်များနှင့် ထိပ်တိုက်တွေ့နေသည့် သမ္မတ ထရမ့်က ယခုတွင် ဥရောပ ခရီးစဉ် ထွက်ခွာလျက်လည်း ရှိသည်။

ဇူလိုင် ၁၀ ရက် အစောပိုင်းက ၀ါရှင်တန်မှ ထွက်ခွာကာ ဘရပ်ဆဲလ်သို့ နေတိုးမဟာမိတ် အဖွဲ့ဝင် ၂၉ နိုင်ငံမှ ခေါင်းဆောင်များနှင့် ဇူလိုင် ၁၁ ရက်တွင် ထိပ်သီးတွေ့ဆုံရန် ရှိသည်။

လာမည့် ဇူလိုင် ၁၆ ရက်တွင် ရုရှသမ္မတ ပူတင်နှင့် တွေ့ဆုံမည့် ဖြစ်သည့် ထရမ့်က ဥရောပခရီးစဉ်မှ အစည်းအဝေးများနှင့် ပတ်သက်ပြီး သတင်းထောက်များအား ပြောဆိုရာတွင် “ရှင်းရှင်းပဲ ပြောမယ်။ ပူတင်နဲ့ တွေ့ဆုံမှုက ပိုအဆင်ပြေဖွယ် ရှိတယ်။”ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး စျေးကွက်ဖြစ်သော အီးယူက အမေရိကန်၏ သွင်းကုန်များကို  ပိတ်ဆို့ထားသော်လည်း ၎င်းတို့၏ ကာကွယ်ရေးတွင် အမေရိကန်ကို မှီခိုအားထားပြီး ကပ်ရပ်နေသည်ဟု စွပ်စွဲထားသော ထရမ့်က ၎င်းအနေဖြင့် အီးယူအပေါ် အမြတ်ထုတ်မည်တော့ မဟုတ်ကြောင်း ပြောဆိုသည်။

“နေတိုးနဲ့ တွေ့ဆုံမှုက စိတ်ဝင်စားစရာ ကောင်းပါတယ်။ နေတိုးအဖွဲ့ဟာ ကျွန်တော်တို့ကို မျှတစွာ ဆက်ဆံခြင််း မရှိပေမယ့် ကျွန်တော် ထင်ပါတယ်၊ ကျွန်တော်တို့ တစ်ခုခုတော့ လုပ်ဆောင်ရလိမ့်မယ်ဆိုတာပါပဲ။ ကာကွယ်ရေး အသုံးစရိတ်မှာ ကျွန်တော်တို့က များစွာ ကုန်ကျခံနေပေမယ့် ဥရောပကတော့ နည်းနည်းပဲ ထည့်ဝင်နေတာ ဖြစ်တယ်။”ဟု ထရမ့်က ပြောသည်။

ထရမ့်၏ ယခု ပြောဆိုမှုအား အီးယူဥက္ကဋ္ဌ ဖြစ်သူ ဒေါ်နယ်တက်က အမေရိကန်အနေဖြင့် ဥရောပထက် ကောင်းသော မဟာမိတ် မရရှိနိုင်ကြောင်း၊ ဥရောပ ကျေးဇူးကို မမေ့သင့်ဘဲ ၉/၁၁ တိုက်ခိုက်မှုနောက် အာဖဂန်တွင် ဥရောပတပ်ဖွဲ့များ တိုက်ပွဲဝင် အသက်စတေးခဲ့ရသည်ကို အမေရိကန် သမ္မတ သတိရသင့်ကြောင်း တုံ့ပြန်ပြောဆို၍လည်း ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly