ရေအားလျှပ်စစ်စီမံကိန်းကြောင့် သက်ရောက်မှုများအပေါ် အစီရင်ခံစာထုတ်ပြန်

ရေအားလျှပ်စစ်စီမံကိန်းကြောင့် သက်ရောက်မှုများအပေါ် အစီရင်ခံစာထုတ်ပြန်

ဇူလိုင် ၁၀။           ။မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများအတွက် "ရေကာတာသည် ဖွ့ံဖြိုးရေးလော၊ ပျက်စီးခြင်းလော" ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို ကရင်လူ့အခွင့်အရေးဖွဲ့နှင့် ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

တည်ဆောက်ပြီးသော ရေကာတာများနှင့် တည်ဆောက်ဆဲရေကာတာများကို လေ့လာသုတေသန ပြုလုပ်ပြီး ရေကာတာများ တည်ဆောက်ရာတွင် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို လေးစား လိုက်နာရန် အကြံပြုချက်များ ပါ၀င်ကြောင်း ဇူလိုင် ၁၀ ရက် Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

သုတေသနလေ့လာတွေ့ရှိချက်များအရ ရေကာတာတည်ဆောက်ပြီးသောနေရာများတွင် ဒေသခံများ လျော်ကြေးမရဘဲ ရွှေ့ပြောင်းခံရခြင်းများ၊ မြေယာများနှင့် ပတ်သက်သည့် အခက်အခဲများ ကြုံတွေ့ ကြရပြီး ရေကာတာ တည်ဆောက်ရန် ပြင်ဆင်သည့်နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားကာ ကျေးရွာနေပြည်သူများ ရွေ့ပြောင်းမှုများ ကြံုတွေ့ကြရကြောင်း ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့မှ အစီစဉ်ညှိနှိုင်းရေးမှူး စောသာဘိုးကပြောသည်။

"အပစ်အခတ်မရပ်စဲခင် ဆောက်ပြီးသားဆည်တွေကိုလေ့လာကြည့်တယ်။ ၃ခုရှိတယ်။ ပသိရယ်၊ သောက်ရေခပ် (၂)ရယ်၊ ရွှေကျင်ရေအားလျှပ်စစ်ရယ် အဲဒီမှာပြည်သူတွေ ရွှေ့ပြောင်းခံရတယ်။ လျော်ကြေးငွေ နစ်နာကြေးတွေမရကြဘူး။ သူတို့မြေယာနဲ့ ပတ်သက်ပြီး အခက်အခဲကြီးကြီးမားမား ကြံုတွေ့ရတာတွေ တွေ့ရတယ်။ မဆောက်သေးဘဲလျာထားတဲ့ သောက်ရေခပ် (၁)ရယ်၊ ဟက်ကြီး ရယ် ကြည့်မယ်ဆိုရင် လောလောဆယ် ဟက်ကြီးမှာဆိုရင် ဆောက်ဖို့အတွက်ပြင်ဆင်တဲ့အခါမှာ တိုက်ပွဲတွေဖြစ်တယ်။ လူဦးရေ ၅၀၀၀ကျော်၊ ကျေးရွာ ၃၀ ကျော်လောက်ရွှေ့ပြောင်းရတယ်" ဟု ၎င်းကပြောသည်။

သုတေသနပြုလုပ်ရာတွင်ပါ၀င်သည့် တည်ဆောက်ပြီးစီးသော ရေကာတာများမှာ တောင်ငူမြို့နယ်ရှိ ပသိ၊ သောက်ရေခပ် (၂)နှင့် ရွှေကျင်မြို့နယ်ရှိ ရွှေကျင်(ကျောက်နဂါး) ရေကာတာများဖြစ်သည်။ လှိုင်းဖွဲ့မြို့နယ်ရှိ ဟက်ကြီး၊ သံတောင်မြို့နယ်ရှိ သောက်ရေခပ် (၁)နှင့် အခြားမြို့နယ် ၅ခုမှ တည်ဆောက်ရန် စီစဉ်နေသည့် နေရာများကိုလည်း သုတေသနပြု လေ့လာခဲ့ကြောင်းသိရသည်။

ရေအားလျှပ်စစ် စီမံကိန်းများကို လက်ရှိအနေအထားအတိုင်း အကောင်အထည်မဖော်သင့်ကြောင်း ဒေသခံများမှ ထင်မြင်ယူဆပြီး အစိုးရနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required