မှုတ်ဆေးဗူးများဖြင့် ဖန်တီးထားသော ငြိမ်းချမ်းဆု ပန်းချီပြပွဲ

မှုတ်ဆေးဗူးများဖြင့် ဖန်တီးထားသော ငြိမ်းချမ်းဆု ပန်းချီပြပွဲ

ရန်ကုန် ၊ ဇူလိုင် ၁၀ ရက် ။             ။ ဆီဆေး၊ရေဆေး မဟုတ်ဘဲ မှုတ်ဆေးဗူးများ အသုံးပြုပြီး ကာလာအသားပေးပုံဖေါ်ထားသော ပန်းချီ ကားချပ် များဖြင့် ပန်းချီဆရာ ငြိမ်းချမ်းဆု၏ ပန်းချီပြပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း ရှိ Studio Square တွင် ဇူလိုင်လ ၆ ရက်နေ့မှ ၁၀ရက်နေ့အထိ ပြသခဲ့သည်။

အဆိုပါ ပန်းချီကားများသည် တစ်နှစ်လျှင်တစ်ကားနှုန်းဖြင့် စိတ်ကူးပုံဖော်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပြပွဲအတွက် ပန်းချီကားများကို ၃နှစ်ခန့် အချိန်ယူပုံဖော်ခဲ့ရကြောင်း သိရသည်။

" ဒီ မှုတ်ဆေးဆိုတာလဲ ဆေးတစ်မျိုးပါပဲ။ လူငယ်တွေ က graffiti အနေနဲ့ဆွဲကြတာများတယ်။အဲဒီgraffiti တွေထက်ကို နောက်တဆင့်ကျော်စေချင်တယ်။ ကျော်ပြီးတော့ ပန်းချီကားတွေလဲဖန်တီးလို့ရတယ်ဆိုတာကို မိတ်ဆက်ပေးချင်တာလဲ ပါပါတယ်” ဟု ပန်းချီဆရာ ငြိမ်းချမ်းဆု ကပြောသည်။

ပန်းချီကား များကို ခေါင်းစဉ် ၄ မျိုးဖြင့်ပြသခဲ့ပြီး ၂၀၀၇ ၊ ၂၀၁၆နှင့် ၂၀၁၈ နှစ်များတွင် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ပြပွဲတွင် ပြသထားသော “အော်သံများ”ဟု အမည်ပေးထားသည့် ပန်းချီကားများကို ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီးတွင် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီးမှာ ဆွဲဖြစ်ခဲ့တာပါ။ဘုန်းကြီးတွေအော်ဟစ်နေတာကို စိတ်ထဲမှာ တစ်ခုခုခံစားရပြီး အဲ့လိုအဖြစ်အပျက်ကို ဘယ်လိုသရုပ်ဖော်ရင်ကောင်းမလဲဆိုပြီး အဲ့က ရတဲ့အတွေးနဲ့ ရေးဆွဲထားတာပါ”ဟု ပန်းချီဆရာ ငြိမ်းချမ်းဆု က ဆက်ပြောသည်။

၅ ရက်ကြာပြုလုပ်ခဲ့သော ပန်းချီပြပွဲတွင် ပန်ချီကားပေါင်း တစ်ရာကျော်နီးပါးပြသခဲ့ပြီး ပန်းချီ ကားတစ်ကားလျှင် အမေရိကန်ဒေါ်လာ ၂၀၀ မှ ဒေါ်လာ ၅၀၀ အထိစျေးနှုန်းရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required