မကွေးတိုင်းလွှတ်တော် အမတ်နေရာအတွက် USDP နဲ့ NLD မှ အမည်စာရင်းတင်သွင်း

မကွေးတိုင်းလွှတ်တော် အမတ်နေရာအတွက် USDP နဲ့ NLD မှ အမည်စာရင်းတင်သွင်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)အတွင်း ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် USDP ပါတီနှင့် NLD ပါတီမှ ကိုယ်စားလှယ် တစ်ဦးစီ အမည်စာရင်း တင်သွင်းထားကြောင်း မင်းဘူးခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ အမည်စာရင်း တင်သွင်းလာမှုသည် ဇူလိုင်လ(၉)ရက်နေ့အထိဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုအဖြစ် ဦးကျော်ငွေ ကလည်းကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကိုယ်စားလှယ်အဖြစ်  ဦးစိန်ရွှေမင်း(ခေါ်)မောင်ပိုက်တို့မှ အမည်စာရင်းတင်သွင်းထားကြောင်း မင်းဘူးခရိုင်   ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးတင်ခိုင်ဇော်က မဇ္ဈိမသို့ ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် အမည်စာရင်း တင်သွင်းလွှာ ပုံစံ(၆)နှင့် ကိုယ်ရေးမှတ်တမ်းအကျဉ်းချုပ်တို့ကို မင်းဘူးခရိုင်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ၂၀၁၈ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့(၁၆ နာရီ ၄၀မိနစ်)နောက်ဆုံးထား၍ တင်သွင်းကြရမည်ဟု ဦးတင်ခိုင်ဇော်က ဆက်ပြောသည်။

အမည်စာရင်း တင်သွင်းလွှာ ကြေငြာချက် ပုံစံ(၆-တ)များကိုလည်း မင်းဘူးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးရှိ ကြော်ငြာသင်ပုန်းတွင် ကြေငြာထားပြီး ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ခုနှစ် နိဝင်ဘာလ (၄)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်ဖြစ်ကြောင်း မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required