အင်္ဂလန်အသင်း၏စွမ်းဆောင်မှုများ နောက်ကွယ်မှ အရေးပါသူတစ်ဦး

အင်္ဂလန်အသင်း၏စွမ်းဆောင်မှုများ နောက်ကွယ်မှ အရေးပါသူတစ်ဦး

အားလုံးသိကြတဲ့အတိုင်း ဟိုးအရင်က နာမည်ကြီးသလောက် ဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ အင်္ဂလန်အသင်းဟာ အရင်လောက် နာမည်ကြီးကစားသမားတွေ မပါတော့သလို နည်းပြကလည်း အတွေ့အကြံုနုတဲ့ အင်္ဂလိပ်နည်းပြဖြစ်နေတော့မှပဲ ၂၀၁၈ ရုရှ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရလဒ်တွေကောင်းနေပြီး ဆီမီးအဆင့်ထိရောက်နေပါတယ်။

ဒီလိုရလဒ်တွေကောင်းနေရာမှာ နည်းပြနဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်မှုတွေအပြင် နောက်ကွယ်ကပံ့ပိုးနေသူတွေထဲက အရေးပါသူတစ်ဦးရှိနေပါတယ်။ သူကတော့ ဒေါက်တာ ပစ်ပါ ဂရိန့် ဖြစ်ပါတယ်။

ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ်ပွဲမတိုင်မီမှာ စိတ်ပညာရှင် ဒေါက်တာ ပစ်ပါ ဂရိန့်ရဲ့ အရေးပါမှုကို အင်္ဂလန်ကစားသမားတွေက ထုတ်ဖော်ပြောဆို လိုက်တာပါ။

ဒေါက်တာ ဂရိန့်ဟာ နိုဝင်ဘာလာကမှ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကိုရောက်လာတာဖြစ်ပြီး ရုရှကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းအုပ်ချုပ်/နည်းပြအဖွဲ့မှာလည်း ပါဝင်နေသူဖြစ်ပါတယ်။

အသက် ၄၇ နှစ်အရွယ် ဒေါက်တာဟာ အင်္ဂလန်ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်အယူအဆတွေကို တိုးတက်လာစေအောင် မြှင့်တင်ပေးရတဲ့ အခန်းကဏ္ဍကို တာဝန်ယူရတာပါ။

အထူးသဖြင့် အင်္ဂလန်အသင်းအနေနဲ့ ပွဲကြီးတွေရဲ့ ဖိအားဒဏ်ကိုခံနိုင်ရည်မရှိတာ ဆယ်စုနှစ်များစွာ ကြာနေပါပြီ။ ပွဲကြီးတွေမှာ မမှားသင့်တဲ့ အမှားတွေလုပ်မိတာ၊ တည်ငြိမ်မှုနည်းပါးတာတွေက အသင်းနဲ့ အမြဲလိုလို ဒွန်တွဲနေပါတယ်။

အခုတော့ ဒေါက်တာ ဂရိန့်ကို ရုရှခေါ်သွားတဲ့ နည်းပြဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက်ဟာ အကျိုးရှိလာပြီး ၂၀၀၆ နောက်ပိုင်း အဓိက ပြိုင်ပွဲကြီးတစ်ပွဲရဲ့ ရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်ပြီဖြစ်သလို အမြဲလိုလိုရှုံးခဲ့ရတဲ့ ပင်နယ်တီအဆုံးအဖြတ် အိပ်မက်ဆိုး ကိုလည်း ကိုလံဘီယာနဲ့ပွဲမှာ လှုပ်နှိုးနိုင်ခဲ့ပါတယ်။

ဒေါက်တာ ဂရိန့်ရဲ့ တန်ဖိုးရှိတဲ့ လုပ်ဆောင်ချက်တွေက ဘာများပါလဲ။ ဒယ်လီ အလီပြောပြတာကို တချက်လောက် ကြည့်ကြည့်လိုက်ပါ။

“သူက ကျွန်တော်တို့နဲ့ အလုပ်တွေအများကြီးလုပ်နေတဲ့ အံ့ဖွယ် ပုဂ္ဂိုလ်ပါ။ သူ အလုပ်တွေဘယ်လောက်တောင် လုပ်လဲဆိုတာ မြင်တွေ့နိုင်ပါတယ်။

ကျွန်တော်တို့အတွက် အထောက်အကူဖြစ်အောင် ဘယ်ချိန်မှာ ဘာပြောသင့်သလဲဆိုတာကိုလည်း သူ တကယ်သိတယ်။ ကျွန်တော်တို့ကို အများကြီးကူညီပေးနေတဲ့ အမျိုးသမီးပါ။

အလုပ်တွေအများကြီးလုပ်သလို အစည်းအဝေးတွေလည်း အများကြီးပဲ။ သူပြောနေချိန်မှာ လူတိုင်းနားထောင်ကြတယ်” လို့ အလီက ပြောပြခဲ့တာပါ။

ဝါရင့်ကစားသမားတစ်ယောက်ဖြစ်တဲ့ အက်ရှ်လေယန်းကလည်း “ဒီမှာ လူတွေအတွက် စိတ်ပညာရှင်တစ်ယောက်ရှိနေပြီး လူတွေနဲ့ပြောဆိုဆွေးနွေးပေးဖို့လည်း အမြဲအသင့်ရှိနေတယ်။

မတူညီတဲ့လူတိုင်းက မတူညီတဲ့စကားတွေ သူ့ကို ပြောကြတယ်။ သူက အသင်းအတွက် သူ့အချိန်တွေကို မယုံနိုင်လောက်အောင် ပေးထားတယ်။

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ကလည်း အရေးကြီးပါတယ်။ဒါပေမဲ့ ဒီကို ပထမဆုံး စရောက်ကတည်းက ကျွန်တော်တို့မှာ ရှိခဲ့ပြီးသားပါ။

ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနည်းပြတွေက ထူးချွန်ကြသလို စိတ်ပညာရှင်တွေကလည်း ကျွန်တော်တို့အတွက် အများကြီး အကျိုးရှိစေပါတယ်” လို့ ဆိုပါတယ်။

အဲရစ် ဒီယာကတော့ ဒေါက်တာ ဂရိန့်ရဲ့ လွှမ်းမိုးမှုတွေဟာ ပြိုင်ပွဲမတိုင်မီကတည်းက ရှိခဲ့တာလို့ ပြောပါတယ်။ “ပြိုင်ပွဲ မတိုင်မီ နောက်ဆုံး ၆ လ၊ ရ လ လောက်ကတည်းက သူနဲ့ လေ့ကျင့်ခန်းတွေအများကြီးလုပ်ခဲ့ပါတယ်။

ပွဲတစ်ပွဲအတွက် သူလေ့ကျင့်ပေးတာတွေ၊ လုပ်ပေးတာတွေက အရမ်းများပါတယ်။ ဒါပေမဲ့ လုပ်နေကျအရာတွေပဲဖြစ်လို့ ခက်ခက်ခဲခဲမဟုတ်ဘဲ သိပ်ကို ရိုးရှင်းပါတယ်။ ကျွန်တော်တို့ ပိုပြီးတည်ငြိမ်လာခဲ့တယ်”လို့ ဆိုခဲ့တာပါ။

ဂရိန့်ဟာ ကစားသမားတွေရဲ့ ကြောက်စိတ်၊ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး တစ်ဦးချင်းဆွေးနွေးပေးသလို၊ ဆောက်ဂိတ်နဲ့ နည်းပြအဖွဲ့တွေရဲ့ ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးတော့ အလေးအနက်ထား ဆွေးနွေးပေးနေသူဖြစ်ပါတယ်။

ပြီးတော့ ကစားသမားတွေ ကာယလေ့ကျင့်ခန်းလုပ်တဲ့ခန်းမမှာလည်း စိတ်ဓါတ်ခွန်အားဖြည့်စာသားတွေကပ်ထားဖို့လည်း စီစဉ်ထားပါသေးတယ်။

သူ့ရဲ့နည်းလမ်းတွေထဲမှာ ကစားသမားတွေအချင်းချင်းပိုပြီး ရင်နှီးပွင့်လင်းကြဖို့၊ ကိုယ့်အကြောင်းတွေကို မျှဝေကြဖို့၊ တစ်ယောက်နဲ့တစ်ယောက် မကြိုက်တဲ့အပြုအမူတွေကိုလည်း ရှောင်ကြဖို့ စတာတွေလည်း ပါဝင်ပါတယ်။

ဒီနေ့ခေတ်မော်ဒန်ဘောလုံးလောကမှာ နည်းစနစ်၊ နည်းဗျူဟာတွေ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကလည်း အရေးပါနေတယ်ဆိုတာ အင်္ဂလန်နဲ့ ဒေါက်တာ ဂရိန့်က သက်သေပြလျှက်ရှိနေပါတော့တယ်။

Ref; Daily Mail, The Sun

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly