တရုတ်နှင့်ကိုရီးယား အထည်ချုပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုမြင့်တက်

တရုတ်နှင့်ကိုရီးယား အထည်ချုပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုမြင့်တက်

 

ရန်ကုန်၊ ဇူလိုင် ၁၀ ။                    ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် တရုတ်အထည်ချုပ်လုပ်ငန်းများနှင့် ကိုရီယား အထည်ချုပ် လုပ်ငန်းများ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် အများဆုံးဝင်ရောက်လာခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန နှင့် မီဒီယာများတွေ့ဆုံပွဲ၌ ရန်ကုန်တိုင်းဒေသကြီးသို့ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀ ခု ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

၄င်းလုပ်ငန်းများအနက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉ ခု အတည်ပြု/ခွင့်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ လုပ်ငန်း ၁ ခု ကို ခွင့်ပြုပေးခဲ့သည်။

လုပ်ငန်း ၆ ခုမှာ တရုတ်နိုင်ငံကုမ္ပဏီများမှ အထည်ချုပ်လုပ်ငန်း ၄ ခု၊ ကိုရီးယားနိုင်ငံကုမ္ပဏီများမှ အထည်ချုပ်လုပ်ငန်း ၂ ခု တို့ ပါ၀င်နေသည်ကိုတွေ့ရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ စင်္ကာပူ နိုင်ငံများမှ ဆေးရုံလုပ်ငန်း၊ အထည်ချုပ် အိတ်ချုပ်လုပ်ငန်း၊ ကစားစရာလုပ်ငန်း၊ ထရန်စဖော်မာလုပ်ငန်း၊ တိရစ္ဆာန်အစားအစာ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်း၊ သံနှင့်သံမဏိထုတ်လုပ်ခြင်းလုပ်ငန်း များအတွက် ရင်းနှီးမြှုပ်နှံမှုများ ရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယင်းလုပ်ငန်းပေါင်း ၁၀ ခုမှ အမေရိကန်ဒေါ်လာ ၃၆ ဒဿမ ၉၄၁ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ယခုသီတင်းပတ်အတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား ဖက်စပ် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း လုပ်ငန်း ၁၉ ခုအထိ ရှိခဲ့သည်။

"ကျွန်တော်တို့အတည်ပြု ခွင့်ပြုပေးလိုက်တဲ့ လုပ်ငန်းအားလုံး ၁၉ ခုထဲမှာ စက်မှုကဏ္ဍက ၁၆ ခု ပါပါတယ်။ လယ်ယာကဏ္ဍက တစ်ခုပါပါတယ်။ အခြားဝန်ဆောင်မှုကဏ္ဍက ၂ ခု ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောသည်။

ရန်ကုန်ုတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံသော လုပ်ငန်း ၁၉ ခုမှ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၃ ဒဿမ ၁၂၃ သန်း ရရှိပြီး ပြည်တွင်းလုပ်သား ၁၀,၉၂၂ ဦး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required