စီးရီးအေအနေဖြင့် စီရော်နယ်ဒိုကြောင့် ကြယ်ပွင့်ကစားသမားများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု လစ်ပီသုံးသပ်

စီးရီးအေအနေဖြင့် စီရော်နယ်ဒိုကြောင့် ကြယ်ပွင့်ကစားသမားများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု လစ်ပီသုံးသပ်

ဇူလိုင် ၁၀၊ တူရင်။                              ။ ဂျူဗင်တပ်သို့ စီရော်နယ်ဒိုပြောင်းရွှေ့လာခြင်းက အခြားကစားသမားများကိုလည်း စီးရီးအေပြိုင်ပွဲသို့ ရောက်လာအောင် ဆွဲဆောင်လိမ့်မည်ဟု မာဆယ်လိုလစ်ပီက သုံးသပ်ပြောဆိုလိုက်သည်။

ရီးယဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်အကြား ယခုတစ်ပတ်အတွင်းဆွေးနွေးရန်ရှိနေပြီး ပေါ်တူဂီကြယ်ပွင့်အတွက် စပိန်ကလပ် ပေါင်သန်း ၁၃၀ လိုချင်နေသည်ဟု မယ်ရာသတင်းတွင် ဖော်ပြထားသည်။

အီတလီအသင်းကို ကမ္ဘာ့ဖလားရအောင် ကိုင်တွယ်ခဲ့ဖူးသည့် လစ်ပီက “သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ပတ်သက်တဲ့ စီးပွားရေး ရှုထောင့်က ပြဿနာတွေရဲ့ နောက်ဆုံးကို ရောက်သွားလိမ့်မယ်။

ထိပ်တန်းအဆင့်မှာ နောက်ထပ် သုံး၊ လေးနှစ်လောက် သူကစားနေဦးမှာ။ ဒီတော့ ကျွန်တော်တို့ ကျေကိုကျေနပ်ရမှာ။ တကယ်လို့ သူရောက်လာခဲ့ရင် တခြားကစားသမားတွေလည်း လာကစားချင်လာလိမ့်မယ်”ဟု ပြောသည်။

သို့သော် ရီးယဲလ်မက်ဒရစ် နည်းပြနှင့် အားကစားဒါရိုက်တာဟောင်း ဂျော့ချ် ဗယ်ဒါနိုကမူ အပြောင်းအရွှေ့ကို ပြန်စဉ်းစားရန် စီရော်နယ်ဒိုအား တိုက်တွန်းခဲ့သည်။

“ရီးယဲလ်မက်ဒရစ်ကို စွန့်ခွာတာ ကောင်းတဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ စီရော်နယ်ဒိုက သိပ်တော်တဲ့သူလို့ ထင်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ထွက်သွားမယ်ဆိုရင် ရီးယဲလ်မက်ဒရစ်ထက် ပိုပြီး ဆုံးရှုံးရနိုင်ပါတယ်”ဟု ဗယ်ဒါနိုက ပြောသည်။

Ref; Mirror

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly