ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်နှင့် မြောက်ပိုင်း ခုနှစ်ဖွဲ့တို့ သီးခြားစီ တွေ့ဆုံနိုင်ရန် စီစဉ်

ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်နှင့် မြောက်ပိုင်း ခုနှစ်ဖွဲ့တို့ သီးခြားစီ တွေ့ဆုံနိုင်ရန် စီစဉ်

 

နေပြည်တော် (ဇူလိုင် ၁၀ရက်၊ ၂၀၁၇ခုနှစ်)။       ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်   မြောက်ပိုင်းလက်နက်ကိုင် ခုနှစ်ဖွဲ့တို့ အကြား သီးခြားစီ တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်နေသည်။

“ကျွန်တော်တို့ဘက်မှာတော့ စီစဉ်နေတယ်။ အဓိကကတော့ မြောက်ပိုင်းက ခုနှစ်ဖွဲ့လုံး တက်မယ်။ KNPP တက်မယ်။ KNPP မှာ ဆရာခူဦးရယ်တို့ ဦးဆောင်တဲ့ နာမည်စာရင်းတွေ ကျွန်တော်တို့ ရတယ်။ မြောက်ပိုင်းအဖွဲ့ ခုနှစ်ဖွဲ့မှာဆိုရင် UWSA ‘ဝ’ ပေါ့နော်။ ‘ဝ’ မှာတော့ ဒုဥက္ကဋ္ဌ နှစ်ယောက် ဦးဆောင်လာမယ်။ နောက် SSPP/SSA က ဗိုလ်ချုပ်ဆေးထင် ဦးဆောင်ပြီး လာမယ်။ သို့သော် ကျန်တဲ့အဖွဲ့တွေမှာ တချို့အဖွဲ့တွေပေါ့နော်။ တချို့အဖွဲ့တွေဆိုရင် မိုင်းလားဆိုလည်း ဒုဥက္ကဋ္ဌ ဦးဆောင်ပြီးလာမယ်။ ကျန်တဲ့ တချို့အဖွဲ့တွေကျတော့ အရင်လာခဲ့တဲ့ လူတွေ တချို့ ပါတယ်။ အဲ့အပေါ်မှာတော့ ကျွန်တော်တို့က ပြန်ညှိနေတယ်” ဟု နိုင်ငံတော် သမ္မတရုံး၊ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇူလိုင် ၉ရက်၊ ညပိုင်းတွင် သတင်းထောက်များကို ပြောသည်။

ဇူလိုင် ၁၁ရက်တွင် စတင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးသို့ တက်ရောက်ရန် မြောက်ပိုင်းလက်နက်ကိုင်ခုနှစ်ဖွဲ့မှ ကိုယ်စားလှယ်များမှာ နေပြည်တော်သို့ ယနေ့ (ဇူလိုင် ၁၀ ရက်နေ့) တွင် ရောက်ရှိလာမည် ဖြစ်သည်။

နှစ်ဖက် တွေ့ဆုံ၊ ဆွေးနွေးရန်မှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များမှ တက်ရောက်လာမည့် ခေါင်းဆောင်များ အပေါ် မူတည်နေပြီး ဆွေးနွေးနိုင်ရန်လည်း တိုက်ရိုက်ဆက်သွယ်ထားပြီး ဖြစ်သလို ကြားထဲမှ အကျိုးဆောင်များနှင့် တရုတ်သံရုံးကိုပါ တဆင့် ဆက်သွယ်ထားကြောင်း ဦးဇော်ဌေး၏ ပြောဆိုချက်အရ သိရသည်။

“ဒီမြောက်ပိုင်းအဖွဲ့တွေက ၄ဖွဲ့၊ ၃ဖွဲ့ မတူဘူး။ မတူတဲ့အပေါ်မှာ လာမယ့် တတိယအစည်းအဝေးပြီးရင် အစိုးရနဲ့က တောက်လျှောက် ထိတွေ့နေတယ်။ ညှိနှိုင်းနေတယ်။ ပိုပြီး နီးစပ်လာအောင် လုပ်သွားမယ့် အစီအစဉ်တွေလည်း ရှိတယ်။ အဲ့ဒါတွေကို သူတို့နဲ့လည်း အကြေအလယ် ဆွေးနွေးချင်တယ်။ ဆွေးနွေးချင်လို့ တစ်ကယ်အဆုံးအဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့က လာခဲ့ပါ၊ တက်ပေးပါ ကျွန်တော်တို့ တောင်းဆိုထားတယ်” ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly