လွှတ်တော် ခေါင် မလုံ ဖြစ်နေ

လွှတ်တော် ခေါင် မလုံ ဖြစ်နေ

နေပြည်တော် (မဇ္ဈိမ) ။ ။ အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦတစ်ချို့တွင် အမိုးမလုံတော့ဘဲ မိုးရွာသည့်အခါ မိုးရေယိုနေပြီ ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က ပြောဆိုလိုက်သည်။

လွှတ်တော်အဆောက်အဦအတွင်း စက်တင်ဘာ ၂ ရက်က ပြုလုပ်သော နိုင်ငံတစ်ကာပါလီမန်များအဖွဲ့ (IPU)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ပြည်ပအဖွဲ့အစည်းတစ်ချို့တက်ရောက်သော “လွှတ်တော်များ အရည်အသွေး မြှင့်တင်ရေး ဆိုင်ရာအစည်းအဝေး” တွင် အထက်ပါအတိုင်း ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

လွှတ်တော်အဆောက်အဦအတွင်းရှိ မိုးယိုနေသည့် အဆောက်အဦများမှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားသော ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ အဆောင်ဖြစ်သည့် I- 12 ဆောင်အပါအဝင် ပြည်သူ့လွှတ်တော်ရှိ C ဆောင်နှင့် အမျိုးသားလွှတ်တော်ရှိ I-20 အဆောင်တို့ ဖြစ်သည်။

“ကျွန်မရဲ့ကော်မတီအဆောက်အဦမှာ မိုးယိုပါတယ်။ မိုးယိုတယ်ဆိုတာ နည်းနည်းယိုတာ မဟုတ်ပါဘူး။ ကျွန်မရဲ့ ရုံးခန်း ထဲမှာပါ။ အစည်အဝေးခန်းထဲမှာလည်း အသံတွေက မကောင်းတော့ပါဘူး။ ရေသံတွေ ဘယ်ကမှန်းလဲ မသိပါဘူး။ တော်တော်တော့ စိုးရိမ်ရပါတယ်။ တစ်ခြားကော်မတီရုံးတွေမှာလည်း အခုမဖြစ်ရင်တောင် နောင်ဖြစ်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်နာကယဖြစ်သူ သူရဦးရွှေမန်းကလည်း “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းတင်မဟုတ်ပါဘူး။ ကျွန်တော့အခန်းလည်း ယိုပါတယ်။” ဟု ဆိုသည်။

အဆိုပါ လွှတ်တော်အဆောက်အဦကို လက်ရှိ အားကစားဝန်ကြီးဖြစ်သူ ဦးတင့်ဆန်း၏ ACE ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံတစ်ချို့၏ ပြောဆိုချက်အရ စစ်အစိုးရလက်ထက် ၂၀၀၅ ခုနှစ်ဝန်းကျင်က စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် လွှတ်တော်အဆောက်အဦတစ်ချို့ မိုးယိုနေသည့်အပြင် လွှတ်တော်အဆောက်အဦ၏ အင်္ဂါရပ်မှာလည်း အဆောက်အဦများ ကြီးမားကျယ်ပြန့်ပြီး တစ်နေရာနှင့်တစ်နေရာ အလွန်ဝေးခြင်း၊ အဆောက်အဦဖွဲ့စည်းပုံ ချို့ယွင်း ချက်များရှိနေခြင်းနှင့် လွှတ်တော်အဆောက်အဦအဖြစ် လက်တွေ့ကျင့်သုံးသည့်အခါ အံဝင်ခွင်ကျမှုလည်းမရှိဟု သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ထောက်ပြသည်။

“ဒီအဆောက်အဦကို လွှတ်တော်ပုံစံနဲ့သုံးတဲ့အခါမှာ ဘယ်လောက်ထိ အံဝင်ခွင့်ကျတယ်၊ မကျတယ်ဆိုတာကို သွားတွေ့ရတယ်။ ပြန်ပြီးတော့ ဖျက်ပြီးတော့ အသစ်မွန်းမံလို့လည်းမရဘူး။” ဟု သူရဦးရွှေမန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း “လွှတ်တော်တစ်ခုရှိအပ်တဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံရဲ့လားဆိုတာ ပြန်ပြီးစဉ်းစားဖို့ လိုပါတယ်။ ဒီလွှတ်တော်ဟာ အင်မတန်မှ ကြီးပါတယ်။ အင်မတန်မှ ကျယ်ပြန့်တယ်။ တစ်နေရာနဲ့တစ်နေရာရောက်ဖို့ သွားဖို့က အင်မတန်မှ အချိန်ယူရတယ်။ ဆိုပါတော့ စာကြည့်တိုက်က တစ်နေရာ၊ လွှတ်တော်အစည်းအဝေး ကျင်းပနေ တာက တစ်နေရာဆိုရင် စာကြည့်တိုက်ကို သုံးတဲ့နှုန်းက နည်းပါတယ်။ အဲ့တော့ စသဖြင့် လွှတ်တော်အဆောက်အဦကြီးရဲ့ ပုံစံဟာ လွှတ်တော်တစ်ခုရဲ့ အင်္ဂါရပ်နဲ့ကိုက်ညီရဲ့လားလို့ စဉ်းစားတဲ့အခါမှာ ဒီအဆောက်အဦက ဆောက်ပြီးနေပြီဖြစ်ပါ တယ်။ ဆောက်ပြီးနေပြီဆိုတော့ ပြန်ပြီးဖြိုဖို့၊ ပြန်ပြီးလုပ်ဖို့ဆိုတာ ဒါလက်တွေ့မကျပါဘူး။ သို့သော်ငြားလည်း ဗိသုကာတွေ ထဲမှာဆိုရင် အထူးကျွမ်းကျင်တဲ့ ဗိသုကာတွေရှိပါတယ်။” ဟုလည်း အဆိုပါ အစည်းအဝေးတွင် ပြောသည်။

သူရဦးရွှေမန်းကမူ လွှတ်တော်၏ အင်္ဂါရပ်နှင့်အညီဖြစ်စေရန် “အစ်မကိုပဲ တာဝန်ပေးပါတယ်၊ ဆောင်ရွက်ပေးပါ။” ဟု အစည်းအဝေး အဆုံးသတ်တွင် ပြောဆိုသွားသည်။

စက်တင်ဘာ ၂ ရက်အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသူ ၅၀ ဦးကျော်ရှိပြီး သတင်းသမားများကိုလည်း အစည်းအဝေးပြီးသည်ထိ တက်ရောက်ခွင့်ပြုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required