မြန်မာပြည် . . မြောက်ဖျား . . ( ၂ )

မြန်မာပြည် . . မြောက်ဖျား . . ( ၂ )

ကျွန်တော်တို့ ကချင်ပြည်နယ် ပူတာအိုမြို့ကို ရောက်တဲ့အခါ မိုးကရွာပေမယ့် တအားကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သွားတာလာတာကတော့ အနှောင့်အယှက်ဖြစ်တာပေါ့ ။ ဒီတစ်ခါရောက်ပြီးနောက်ထပ်တစ် ခါရောက်ဖို့ မလွယ်ကူမှန်းသိနေတော့ စိတ်ညှစ်ပြီးသွားရတော့တာပေါ့ ။ စကားမစပ် အမေရိကန်စင်တာတက်ပြီး လက်ရှိကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကလေးမလေးတစ်ယောက် ပြောဖူးတာကို ခေါင်းထဲကမထွက်ဘူး။ သူက အခြေအနေပေးတော့ နိုင်ငံခြားခရီးစဉ်တစ်ခုကို စရိတ်ငြိမ်းလေ့လာရေးသွားရတယ်၊ တစ်ပတ်လေ့လာ ပြီးပြန်လာတော့ သူဘာလုပ်ရမှန်းမသိဘူး။ သူလေ့လာခဲ့တဲ့ အကြောင်းအရာတွေကို သူဘယ်လို လုပ်ရမှန်းဘယ်လိုဖြန့်ဝေရမှန်း ဘယ်လိုလက်ဆင့် ကမ်းရမှန်းသူမသိဘူးဖြစ်နေတာကို ပြောပြပါတယ်။ စာရေးပါဆိုတော့လည်းသူက စီကာပတ်ကုံးမရေးတတ်ဘူး . . တဲ့။ သူကဘယ်လိုလုပ်သင့်လဲ ၊ ဘယ်လိုလုပ်ရမလဲ . . လို့ အကြံဉာဏ်တောင်းတာ ကြံုဖူးတယ်။ တကယ်တော့ သူဟာသူသိခဲ့တဲ့အရာကို အကျိုးပြုချင်စိတ်ရှိပြီး အကျိုးပြုနိုင်မယ့်နေရာမရခြင်းပဲ ဖြစ်တယ်လို့သာထင်မြင်မိပါတယ်။ သူ့ကိုလည်း အားပေးလိုက်ပါ တယ် . . သမီးရယ် ဒါတွေက ၀မ်းစာတွေပေါ့ . . လို့ ။

ခရီးတစ်ခုထွက်ရင် တစ်ခုထက်မကသိတာတွေ ရှိတယ်ဆိ်ုတာကတော့ ရှင်းပြစရာမလိုဘဲ ၊ ဘာတွေသိခဲ့ရလဲ ဆိုတာကတော့ ပြောပြဖို့ တော်တော်ခက်ပါတယ်။ ဒီထက်အများပြည်သူစာဖတ်သူကို ရှင်းပြရတဲ့အလုပ်က စာရေးဆရာကသာလျင် တော်တော်များများကို ရေးပြနိုင်တာပဲဖြစ်ပါတယ်။ ဒါတောင် အနုအရင့် ရှိပါသေးတယ်။ ကျွန်တော်လည်းစွမ်းသလောက် ပြောရရင် အရင်အပတ်တွေတုံးက ပြောခဲ့တဲ့ တောင်ကျရေတွေ ဒလဟောကျ လာရင် တောင်ပေါ်က ကျောက်စိမ်းတုံးတွေတောင် ပါလာတဲ့ကချင်ပြည်နယ် ပူတာအိုမြို့ မလှမ်းမကမ်းကပါ တိတ်ချောင်းဆိုတာပဲ ဖြစ်ပါတယ် ။ ကျွန်တော်တို့ ရန်ကုန်မှာက တဆင့်စကားတဆင့်ကြားဆိုသလို မြန်မာပြည်မှာ ရတနာတွေပေါများတယ်ဆိုတာ ကြားသာကြားဖူးတာပါ ။ ဒီဖက်ခေတ်ရောက်လာတော့ ကျွန်တော် ထောင်ကလွတ်လာပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း အင်တာနက်ခေတ်ကြီးကို ဖြတ်သန်းတဲ့အခါ ဓာတ်ပုံတွေ ၊ ဗီဒီယိုဖိုင်တွေနဲ့ မြန်မာ့ရတနာတွေအကြောင်း တွေ့လာသိလာရတဲ့အပြင် တချို့ဆိုကိုယ်တိုင် တွေ့ရ မြင်ရပါတော့တယ် ။ ဧရာမကျွန်းသစ်တုံးကြီးတွေကအစ ကျောက်စိမ်းတုံးကြီးတွေအဆုံး ၊ ဆင်းရဲတဲ့ ကျွန်တော်တို့ နိုင်ငံကိုကယ်တင်ဖို့ လျှပ်စစ်ဓာတ်အားအတွက် ရေအရင်းအမြစ်တွေကလည်း ဒုနဲ့ဒေး၊ ပေါမှပေါ ၊ များမှ အများကြီးပဲဆိုတာ သိသိသာသာ သိမြင်လာရပါတော့တယ်။

ကျွန်တော်ရောက်နေတာနှင့် မနီးမဝေးတောင်တန်းကြီးတွေမှာတော့ စောဖနွယ်လုံးဆိုတဲ့ ခပ်မြင့်မြင့်တောင် တစ်လုံးရှိပါတယ် ၊ အဲဒီတောင်အပေါ်ကနေ စတင်စီးဆင်းနေတဲ့ ချောင်းကိုပါတိတ်ချောင်းလို့ ခေါ်ပါတယ် ၊ ကျောက်တုံးကျောက်ခဲတွေနဲ့ ချောင်းဖြစ်နေတာပါ။ မိုးအရမ်းများပြီဆိုရင်တော့ အဲဒီတောင်ပေါ်မှာ ကျောက်ကမ်းပါးယံတွေပြိုကျ ၊ တောင်ကမ်းပါးယံတွေပြိုကျ ၊ မြေပြိုမှုတွေ ဖြစ်ပြီး ၊ တောင်ကျရေတွေနဲ့အတူ ပါတိတ်ချောင်းထဲကို ဒလဟောစီးဆင်းလာပါတယ်။ အဲဒီအခါမှာတော့ ကျောက်စိမ်းတုံး ကြီးကြီးငယ်ငယ် အရည်အသွေးကောင်းတာရော၊ ညံ့တာရော ရိုးရိုးကျောက်ခဲကျောက်တုံးတွေနဲ့ အတူမျောပါလာတယ် လို့ ကျွန်တော်တို့ကို လိုက်ပို့တဲ့့ဒေသခံက ရှင်းပြပါတယ်။ အဲဒီအချိန်ကျရင် လူတွေအများကြီး ချောင်းထဲမှာ ကျောက်လာရှာတဲ့သူတွေ ပွဲတော်ကြီးတစ်ခုအလား စည်ကားတယ်လို့လည်းပြောပါ တယ်။ ကျွန်တော် ရပ်နေတဲ့ရေစပ်က အဲဒီပါတိတ်ချောင်းကို ကြည့်ပြီး တောင်ပေါ်ကရေတွေအများကြီးကျလာ၊ ကျောက်စိမ်းတွေပါလာ၊ ကျွန်တော်ကိုယ်တိုင် စိတ်ကူးနဲ့ လိုက်ကောက်ကြည့်ပါတယ်။ အန္တရယ်များလိုက် မယ့် ဖြစ်ခြင်း ။

ပူတာအိုက မြေအမျိုးအစား သဘာဝကိုက ဒီလိုဖြစ်နေတာပါ ။

ဒေသခံကနောက်တစ်ခု ထူးထူးဆန်းဆန်းပြောပါသေးတယ်။ ခုတဲ့အဲဒီချောင်းမှာ ရွှေကျင်ကြည့်လိုက်ပါတဲ့ ၊ ရွှေလည်းထွက်တယ်. . တဲ့ ။ မြို့နဲ့ဝေးတာရယ် ၊ ရွှေထွက်နှုံးက စီးပွားဖြစ်မဟုတ်တာရယ်တွေကြောင့် ရွှေမရှာကြတာ . . တဲ့ ။ အဲဒီချောင်းရဲ့ အဆုံးကမလိခမြစ်ပဲဖြစ်ပါတယ် ။ အဲဒီမလိခမြစ်ထဲမှာဆိုရင် တောတောင် အသွယ်သွယ်က မိုးရေစိမ့်ရေစမ်းရေတွေကနေပါလာမယ့် ကျောက်စိမ်းတွေ ရွှေတွေ သေချာပေါက်ရှိမှာ မလွဲပါဘူး။ ဒါတင်ဘယ်ဟုတ်အုံးမှာလည်း ကျွန်တော် မြစ်ကြီးနားရောက်တော့ မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ တွေ့တဲ့အခါ ပိုပြီးအံ့သြစရာတွေ ထပ်ကြားရပါသေးတယ်။ မြစ်ကြီးနားမြို့ မြစ်ဆုံဒေသရဲ့ ဟိုးမြောက်ဖက် မေခမြစ်အတွင်းမှာရွှေနဲ့ ကျောက်သံပတ္တမြားတွေကို စက်ယန္တရားတွေသုံးပြီး မသမာသူလူအစုစုက တိုင်းပြည်မျက်နှာမထောက် လောဘဇောတိုက်ပြီး ကိုယ်ကျိုးသက်သက်လုပ်သွားကြတာတွေကို သိလိုက်ရလို့ ပါပဲ။ ဒါတွေကိုတော့ နောက်အပတ်တွေမှာ ဆက်ရေးပါ့မယ် ။

ကျွန်တော်တို့ဟာ ပါတိတ်ချောင်းကနေပြီး ဓာတ်ပုံတွေရိုက်၊ ဗီဒီယိုတွေရိုက် ပြန်လာကြပြီးက ချင်ရိုးရာစားသောက်ဆိုင်မှာ ညစာစားကြပါတယ်။ ကချင်ရိုးရာအစားအစာထဲမှာတော့  စာဖြယ် ၊ကြက်ကချင်ချက်၊ အမဲကချင်ချက်၊ ၀က်ကချင်ချက်၊ ဖီတန်သုတ်၊ အင်စွန်ရွက်သုတ်၊ ဆီပါ ၊ကြက်ဥကဇော် စတာတွေဖြစ်ပါတယ်။ သူတို့တွရဲ့ အစားအသောက်တွေမှာ အထူးသဖြင့် ဆီတွေ သိပ်ပြီးမပါတာကို သတိပြုမိပါတယ်။ နံမည်ကဆီပါ ဆိုပြီးအသီးအရွက်မျိုးစုံကို ဆီလုံးဝ မပါဘဲနဲ့ ကြော်ထားတဲ့ ဟင်းလျာကလည်း တမျိးထူးခြားပါတယ်။ ဆာဖြယ်ဆိုတာကတော့ ကျွန်တော်တို့ ရန်ကုန်ကမုန့်ဟင်းခါးဖတ်ကို ငြုပ်ချဉ်ရည် ၊ အမဲသားပြားပြုတ်ကြော် ၊ မြင်းခွာရွက်တို့ကို အလျင်းသင့်သလို စုပေါင်းစပ်ပေါင်းထည့်စားရတာပါ ။ ကျွန်တော့ကို စွဲမက်စေတဲ့အရာကတော့ ကချင် ရိုးရာကြက်ဥကဇော်ပဲ ဖြစ်ပါတယ်။ ကြက်ဥကဇော် ဆိုတာဆဖီလုပ်တဲ့အခါ ပြုပ်ထားတဲ့ကောက်ညှင်းကို အအေးခံပြီး ကြက်ဥ၊ နွားနို့တို့နဲ့ ဖျော်ထားတဲ့ ကောက်ညှင်းအရသာနဲ့ ချိုဆိမ့်အရသာပေါင်းစပ်ထားတဲ့ ဖျော်ရည် တစ်မျိုးပဲဖြစ်ပါတယ်။ ကလေးတွေ အရမ်းနှစ်သက်ကြတာကိုလည်း တွေ့ရပါတယ်။

ကျွန်တော်တို့ ပူတာအိုမြို့တစ်ခွင် လည်ပတ်ကြည့်ရှုကြပြီး အားမလိုအားမရဖြစ်တာကတော့ လျှပ်စစ်မီးပဲ ဖြစ်ပါ တယ်။ ပူတာအိုမြို့ဆိုတာက နှယ်နှယ်ရရမြို့ မဟုတ်ပါဘူး ။ သမိုင်းကြောင်းတွေ ရာဇဝင်တွေနဲ့ မြို့ တစ်မြို့ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၄ ရာစုကတည်းက မိန်းခမ်းတီဆိုတဲ့ ဒေသကိုအသက်ပေးပြီး ချစ်မြတ်နိုးတဲ့ ပူစောဝ်ကန် ဆိုတဲ့ အဖိုးကြီးကို ဂုဏ်ပြုပြီးပူတောင်းမြို့။ ပူတောင်းမြို့မှ ကာလရွေ့လျားရင်းအဆင့်ဆင့် ပူတာအိုမြို့ ဆိုပြီး ဖြစ်လာတာလို့ ဒေသခံလက်ဆောင်ပေးလိုက်တဲ့ စာအုပ်ထဲမှာဖော်ပြထားတာတွေ့ရပါတယ်။ ခုတော့ ၂၁ ရာစုထဲကိုသိသိသာသာ   ရောက်လာတဲ့ နှစ်တွေမှာတော့ ပူတာအိုမြို့က လူတွေအားလုံး လျှပ်စစ်မီးကို ပြည့်ပြည့်ဝဝနဲ့ အကျိုးရှိရှိ ကောင်းကောာင်းအသုံးချနိုင်ဘို့ ဆိုတာနောက်တောင်ကျနေပါပြီ ။ နောက်ကျနေပြီဆိုပေမယ့်လည်း နောက်ကလိုက်လေ တဖြေးဖြေးမှီလာလေဆိုတဲ့ စကားကလည်းရှိသေးတော့၊ ကျွန်တော်တို့ လည်ပတ်ကြည့်ရှုတဲ့အထဲမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်း သေးသေးလေးတစ်ခုလည်း ပါပါတယ် ။ တော်တော်လေးတော့ ပြီးနေတာတွေ့ရပေမယ့် ပစ္စည်း ၂ ခုဆိုလားလိုနေတော့ မြို့ကို မီးမလင်းနိုင်ဘဲ ဖြစ်နေရတယ်။ ဓာတ်တိုင် အသစ်တွေလည်း စိုက်နေတာလည်း တွေ့ရပါသေးတယ်။ ကျွန်တော်ကမွေးကတည်းက လျှပ်စစ်မီးနဲ့ကြီးလာတဲ့သူဆိုတော့ ပူတာအိုမြို့ကို တကယ်ကို ကိုယ်ချင်းစာမိပါတယ်။ နောက် အပတ်တွေမှ ပူတာအိုမြို့ကို မီးအလင်းပေးမယ့် အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းသွား အတွေ့အကြံု လေးကို မျှဝေပါ ဦးမယ် ။  ။

သန့်ဇော် (သန်လျင် )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly