ကင်ဂျုံးအွန်၏ ကိုယ်ပိုင်ဂျက်လေယာဉ်ကို ရုရှမြို့ ဗလာဒီဗိုစတော့တွင် မြင်တွေ့

ကင်ဂျုံးအွန်၏ ကိုယ်ပိုင်ဂျက်လေယာဉ်ကို ရုရှမြို့ ဗလာဒီဗိုစတော့တွင် မြင်တွေ့

မော်စကို၊ ဇူလိုင် ၉ ။         ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်၏ ကိုယ်ပိုင်ဂျက်လေယာဉ်ကို ရုရှ ဗလာဒီဗိုစတော့မြို့တွင် ဇူလိုင် ၉ ရက်က လေယာဉ်များခြေရာခံရေး ဝက်ဘ်ဆိုက်တစ်ရပ်က ထောက်လှမ်းတွေ့ရှိခဲ့သည်။

ယင်းအတွက် ရုရှသို့ ကင်ဂျုံးအွန် အလည်အပတ် လာရောက်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းဟု ထင်မြင်ချက်များ ထွက်ပေါ်စေသည်။

Flightrader24 ဝက်ဘ်ဆိုက်က Chammae-1 အမည်ရှိ ကင်ဂျုံးအွန် ကိုယ်ပိုင်ဂျက်လေယာဉ် ဗလာဒီဗိုစတော့မြို့တွင် ဆင်းသက်ပြီး သုံးနာရီခန့် အကြာတွင် ပြံုယမ်းသို့ ဦးတည်ကာ ပျံသန်းသွားသည်ကို တွေ့ရှိခြင်း ဖြစ်သည်။

ခေါင်းဆောင်၏ လှုပ်ရှားလုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး အများစုကို လျှို့ဝှက်လေ့ရှိသည့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ယခုကဲ့သို့ ကင်ဂျုံးအွန်၏ ဂျက်လေယာဉ် ရုရှပိုင်နက်မြေပေါ် ယာယီရောက်ရှိလာခြင်းသည် ရုရှ၏ ဖိတ်ခေါ်မှုကို တုံ့ပြန်ပြီး စက်တင်ဘာတွင် ယင်းမြို့သို့ ကင်ဂျုံးအွန် လာရောက်ဖွယ် ရှိခြင်းအတွက် ရှေ့ပြေးအဖွဲ့ ရောက်ရှိလာခြင်းဟု ယူဆကြသည်။

ရုရှသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာလအတွင်း အရှေ့ပိုင်းကမ်းခြေမြို့ ဗလာဒီဗိုစတော့တွင် ကျင်းပမည့် အရှေ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ကင်ဂျုံးအွန်အား ဖိတ်ကြားထားခြင်းဖြစ်ကာ ပြုံယမ်းဖက်က ထိုဖိတ်ကြားမှုကို တုံ့ပြန်ခြင်း မရှိသေးပေ။

ပူတင်အနေဖြင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့အားလည်း ယင်းဖိုရမ်သို့ ဖိတ်ကြားထားခြင်းဖြစ်ရာ ၎င်းတို့ စုံညီတက်ရောက်ဖြစ်ကြပါက ယခုနှစ် ဖိုရမ်အနေဖြင့် ထူးခြားသော ဖိုရမ် ဖြစ်လာလိမ့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required