မကွေးဂုဏ်ရည်ဆုများ ချီးမြှင့်ပေးအပ်ရန် နိုင်ငံ့ဝန်ထမ်းနှစ်ဦးအားရွေးချယ်

မကွေးဂုဏ်ရည်ဆုများ ချီးမြှင့်ပေးအပ်ရန် နိုင်ငံ့ဝန်ထမ်းနှစ်ဦးအားရွေးချယ်

မကွေး ၊ဇူလိုင် ၉ ။         ။ ၂၀၁၇-၂၀၁၈ခုနှစ်အတွက် မကွေးမြို့၏ ဂုဏ်အားမြင့်တင်အောင် စွမ်းဆောင်နိုင်သော နိုင်ငံ့ဝန်ထမ်း နှစ်ဦးကို မကွေးဂုဏ်ရည်ဆု ချီးမြှင့်ပေးအပ်ရန် ရွေးချယ်ထားကြောင်း မကွေးပရဟိတအဖွဲ့မှ သိရသည်။

မကွေးမြို့ မကွေးပရဟိတအသင်းကြီးတည်ထောင်ခြင်း (၆)နှစ်ပြည့်မြောက်သည့် ယခုနှစ်မှ စတင်၍ နှစ်စဉ် ဇူလိုင်လရောက်တိုင်း မကွေးမြို့နယ်အတွင်းရှိ ပြည်သူလုထု၏ အသက် ၊အိုးအိမ်၊စည်းစိမ်အား ကိုယ်ကျိုးမငဲ့ဘဲ ပရဟိတစိတ်အပြည့်ဖြင့် ကူညီပေးနိုင်သည့် လူပုဂ္ဂိုလ်(၂)ဦးအား နှစ်စဉ်ရွေးချယ် ကာ မကွေးဂုဏ်ရည်ဆု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“နှစ်စဉ် ဇူလိုင်လရောက်တိုင်း ပေးသွားမှာပါ။ ရက်ကတော့ မသတ်မှတ်ရသေးပါဘူး။ ဖြစ်နိင်တာကတော့ ဇူလိုင်လ ၁၉ရက်နေ့ကို ဆုပေးဖို့ ရည်ရွယ်ထားပါတယ်။ ရက်အတိအကျနဲ့ ဘယ်နေရာမှာ လုပ်မလဲဆိုတာ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အတည်ပြုပြီးရင် ကြေငြာပေးပါ့မယ်။ ဒီနှစ်ကတော့ မကွေးမြို့က ယာဉ်ထိန်း တပ်ဖွဲ့ဝင်(၂)ဦးကို ရွေးချယ်ထားပါတယ်”ဟု မကွေးပရဟိတအဖွဲ့မှ ဦးဆောင်သူဦးမိုးက ပြောသည်။

မကွေးဂုဏ်ရည်ဆုရှင်များ အဖြစ် သတ်မှတ်ကာရွေးချယ်ခံရသူများကို ဂုဏ်ပြုဆုငွေများ ထိုက်တန်စွာ ချီးမြှင့်ပေးအပ်သွားမည်ဟု သိရပြီး မကွေးဂုဏ်ရည် ပထမ အဆင့်ဆုအား ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ဦးခင်မောင်စိုးကိုလည်းကောင်း ဒုတိယအဆင့်ဆုအား ယာဉ်ထိန်းဒုတပ်ကြပ် မပပဝင်း အား လည်းကောင်း ရွေးချယ်ထားကြောင်း သိရသည်။

ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ဦးခင်မောင်စိုးသည် အသက်(၄၄)နှစ်ရှိပြီး မကွေးမြို့ခံပြည်သူများအနေဖြင့် မသိသူမရှိသလောက်ဖြစ်ကြောင်း၊ နေပူ မိုးရွာမရှောင်မိမိ တာဝန်ကျရာနေရာတွင် မခိုမကပ်ဘဲ လမ်းမပေါ်တွင် အမြဲလမ်းရှင်းပေးနေသဖြင့် မြို့ခံလူထု၊ကား၊ ဆိုင်ကယ်စီးနင်းသူများ၏ လေးစားချစ်ခင်မှုကို အပြည့်အဝ ရရှိထားသည့် ပြည်သူ့ဝန်ထမ်းကောင်း တစ်ဦးအဖြစ်သတ်မှတ်သောကြောင့် မကွေးဂုဏ်ရည် ဆု ပထမအဆင့်အား ရွေးချယ်ပေးအပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ထိန်းရဲမေဖြစ်သော  ဒုတပ်ကြပ် ဒေါ်ပပဝင်းသည် အသက်(၂၈)နှစ်ရှိပြီး အသက်ငယ်ရွယ်ကာ လုပ်သက် နုသေးသော်လည်း မိမိတာဝန်ကျရာ ကျောင်းများ၊စျေးများ၊ရာသီပွဲတော်များတွင် ယာဉ်လမ်းကြောင်း မရှုပ်ထွေးအောင် အကောင်းဆုံးကူညီပေးနိုင်ခဲ့ကြောင်း၊ ကျန်းမာရေးချို့တဲ့သူတစ်ဦးဖြစ်သော်လည်း ဆေးသွင်း၊ ဆေးသောက် လုပ်နေရသည့်တိုင်အောင် ခွင့်မယူဘဲ မိမိတာဝန်များကိုကျေပွန်စွာဆောင်ရွက်နေသည် ကိုမြင်တွေ့ရသည့်အတွက် ယခုနှစ်၏ မကွေးဂုဏ်ရည် ဒုတိယအဆင့် အားပေးအပ်ရန်ရွေးချယ်ရခြင်း ဖြစ်ကြောင်း ဦးမိုးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required