၅ ယောက်မြောက် ထိုင်းကလေးကို ကယ်ထုတ်လာနိုင်ပြီဟု သတင်းထွက်

၅ ယောက်မြောက် ထိုင်းကလေးကို ကယ်ထုတ်လာနိုင်ပြီဟု သတင်းထွက်

ဇူလိုင် ၉ ။            ။ ထိုင်းလှိုဏ်ဂူထဲ ပိတ်မိနေတဲ့ ကျောင်းသား ကလေးငယ်တွေကို ဒုတိယနေ့အဖြစ် ကယ်ထုတ်နေရာမှာတော့ ယခုအခါ ကယ်ဆယ်ရေးလုပ်သားတွေဟာ ဂူထဲကနေ ငါးယောက်မြောက် ကလေးကို ကယ်ထုတ်လာခဲ့ပြီ ဖြစ်ကြောင်း ထိုင်းရေတပ် အရာရှိတစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဂူထဲ ပိတ်မိနေခဲ့ကြတဲ့ ထိုင်း ကျောင်းသား ၁၂ ယောက်နဲ့ ၎င်းတို့ရဲ့ ဘောလုံးအသင်း နည်းပြ တို့ကို ဂူပြင်ကို ကယ်ထုတ်နေလျက်ရှိရာမှာတော့ ယမန်နေ့ကအထိ ကလေး လေးယောက်ကို အပြင်ကို ကယ်ထုတ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ယနေ့ ဒုတိယမြောက်နေ့အဖြစ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေရင်းနဲ့ ငါးယောက်မြောက် ကလေးကို ကယ်ထုတ်လာနိုင်ခဲ့ပြီ ဆိုပြီး လက်ရှိအချိန်မှာ သတင်းထွက်ပေါ်လာပါတယ်။

သို့ပေမယ့် ကယ်ဆယ်ရေးမစ်ရှင်အကြီးအကဲ ထံက တစ်စုံတစ်ရာ အတည်ပြုပြောကြားချက် မရသေးပါဘူး။

တစ်ချိန်တည်းမှာလည်းပဲ ယမန်နေ့က အပြင်ကို ကယ်ထုတ်ထားနိုင်ခဲ့တဲ့ ကလေး လေးဦးကိုလည်း ရောဂါကူးစက်မှာစိုးတဲ့အတွက်ကြောင့် ၎င်းတို့ရဲ့ မိဘတွေနဲ့ ထိတွေ့ခွင့် မပေးသေးဘဲ သီးခြားကြည့်ရှုစောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly