၈၈၈၈ အခမ်းအနားကိုတက်ရောက်ရန် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံဖိတ်ကြားမည်

၈၈၈၈ အခမ်းအနားကိုတက်ရောက်ရန် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံဖိတ်ကြားမည်

ရန်ကုန်၊ ဇူလိုင် ၉ ။           ။ ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် အစိုးရနှင့် လွှတ်တော်တာဝန်ရှိသူများကို တက်ရောက်ရန်ဖိတ်ကြားသွားမည်ဟု  ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးကပြောသည်။

ဇူလိုင်လ ၉ ရက်နေ့ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားနှင့် ပတ်သက် သည့် အစည်းအဝေးတွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ သေချာပါတယ်။ ဖိတ်မှာပါ။ ဖိတ်မယ့်အထဲမှာ အစိုးရအဖွဲ့ဆိုတာလည်းပါပြီးသားဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတအပါအဝင်လေ။ တကယ်တမ်းပြောမယ် ဆိုရင် ၈၈၈၈ နှစ် ၃၀ ပြည့်ဆိုတာ အစိုးရကိုယ်တိုင်က ဦးစီးဦးဆောင်ပြုပြီး ကြီးမှူးကျင်းပရမယ့်ပွဲဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။ အဲ့တော့ အစိုးရကို ဘာကြောင့်မဖိတ်ပဲနေမှာလဲ၊ ဖိတ်မှာပါ “ ဟု ကိုမြအေးကပြောသည်။

ရှစ်လေးလုံးနေ့အခမ်းအနားတွင် “ ဒီမိုကရေစီရေး နှစ် ၃၀ ခရီး၊ တိုင်းရင်းသားတန်းတူညီမျှမှုနှင့် ဖက်ဒရယ်ပြည်ထောင်စု၊ မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင်စနစ် “  အစရှိသည့် ခေါင်းစဉ် ၃ ခုဖြင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

သြဂုတ် ၆ရက်နှင့် ရရက်တွင် အဆိုပါခေါင်းစဉ်များကိုဆွေးနွေးကြမည်ဖြစ်ပြီး ၈ ရက်နေ့တွင် ၈၈၈၈ အခမ်းအနားကိုကျင်းပကြမည်ဖြစ်သည်။

ဆွေးနွေးရရှိလာသောအချက်များကို စုစည်းကာ အစိုးရသို့ အကြံပြုစာတမ်းလွှာ ပေးပို့သွားမည် ဖြစ်ကြောင်းလည်း ကိုမြအေးကဆိုသည်။

လက်ရှိတွင် ကျင်းပမည့်နေရာကိုတော့ သတ်မှတ်ထားနိုင်ခြင်းမရှိသေးဘဲ လာမည့်အစည်းအဝေး များတွင်ဆုံးဖြတ်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required