စစ်တွေခရိုင်တွင် အမတ်လောင်း ၉၄ ထဲက ၅ ဦးအပယ်ခံရ

စစ်တွေခရိုင်တွင် အမတ်လောင်း ၉၄ ထဲက ၅ ဦးအပယ်ခံရ

စစ်တွေ၊ စက်တင်ဘာ ၃ ။         ။ စစ်တွေခရိုင်တွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၄ ဦး အနက် ၅ ဦးမှာရွေးကောက် ပွဲကော်မရှင်၏ ဥပဒေများနှင့် ညိစွန်းနေသည်ဟုဆိုကာ ပယ်ချလိုက်ကြောင်း စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

ပြည်နယ်လွှတ်တော် ၅၂ ဦး၊ ပြည်သူ့လွှတ်တော် ၁၉ ဦးနှင့်  အမျိုးသားလွှတ်တော် ၁၈ ဦးတို့ဖြစ်ပြီး အပယ်ခံရသူများမှာ ဦးကျော်ဇောဦး၊ ဦးဦးဘခင်၊ ဦးမျိုးမြင့်၊ ဦးအဒူရှော်ရှီနှင့် ဦးအမိန်ဟင်းဇာ (ခ) စိန်လှ တို့ဖြစ်ကြောင်း စစ်တွေခရိုင်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးဇော်လင်းဦးက ပြောကြားသည်။

ဦးကျော်ဇောဦးမှာ စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)က ပြည်နယ်လွှတ်တော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီး ပယ်ရသည့် အကြောင်းရင်းကို ဦးဇော်လင်းဦးက ယခုလိုပြောသည်။

" ပြည်ပမှာ တာဝန်ထမ်းဆောင်ဖို့ အစိုးရ စေလွှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ မညီဘဲ ပြည်ပမှာ ၆ လာကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ ၁၀ နှစ်ဆက်တိုက်နေသူ မဟုတ်ဘူး။ ရွေးကောက်ပွဲ ဥပဒေ ၈ (က)(၂) နဲ့ ငြိနေပါတယ်။ ပြီးတော့ ကိုယ်လှယ်လောင်းအမည်စာရင်း တင်သွင်းစဉ်က တချို့အချက်အလက်တွေကို ထိန်ချန်ခဲ့တဲ့အတွက် အပုဒ် ၁၇ (ခ) ညှိနေတဲ့ အတွက် အပယ်ခံရတာဖြစ်ပါတယ်။ " ဟု ပြောသည်။

ပေါက်တောမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က ပြည်နယ်လွှတ်တော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလောင်း ဦးဦးဘခင်မှာ မြန်မာနိုင်ငံတွင် ၁၀ နှစ်ဆက်တိုက်နေထိုင်ရမည်ဆိုသည့် အပိုဒ် (၈)၊ အပိုဒ်ခွဲ (က)၊ ပိုဒ်ခွဲငယ် (၂) ဥပဒေနှင့် ငြိစွန်းနေသောကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းမှ ပယ်ချလိုက်ခြင်းဖြစ်ကြောင်း ဦးဇော်လင်းဦးက ပြောသည်။

အပယ်ခံရခြင်းအပေါ် ဦးဦးအောင်မင်းဦးက " အဲဒီပုဒ်မက ပြည်ပကဝင်လာတဲ့၊ အတိုက်အခံအင်အားစုတွေက ဝင်လာတဲ့သူတွေကို အဟန့်အတား တစ်ခုလိုဖြစ်နေတယ်။ ကျနော့်အထင်တော့ ဒီပုဒ်မကို ဖျက်သိမ်းသင့်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပုဒ်မကြောင့် နိုင်ငံရေးပါတီတွေက ဝင်လာတဲ့သူတွေ၊ အတိုက်အခံအင်အားစုတွေက သူတွေက နိုင်ငံရေးမှပါဝင်လို့ မရဘူးဖြစ်နေတယ်။ တစ်ဖက်မှာလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ်က ပြည်ပရောက်နေတဲ့ နိုင်ငံရေးသမားတွေကို ဖိတ်ခေါ်ခဲ့တာနဲ့တော့ ကွဲလွဲမှုတွေရှိနေတယ်။ " ဟု ပြောသည်။

ဦးမျိုးမြင့်လည်းမှာလည်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (က)(ခ)နှင့် ပုဒ်မ (၁၀) နည်းဥပဒေ ၂၇ (ဂ)တို့နှင့်အညီ သတ်မှတ်ချက်များ မကိုက်ညီသောကြောင့် ပယ်ချလိုက်ရကြောင်း ဦးဇော်လင်းဦးက ဆက်ပြီးပြောကြားသည်။

ဦးအဒူရှော်ရှီနှင့် ဦးအမိန်ဟင်းဇာ (ခ) စိန်လှတို့မှာ မြန်မာနိုင်ငံသား မိဘနှစ်ပါးက မွေးဖွားလာသောသူ မဟုတ်သောကြောင့် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) အရ ပယ်ချလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုပယ်ချခံရသော အမတ်လောင်း ၅ ဦးသည် ထုတ်ပြန်သည့်နေမှစ၍ ၇ ရက်အတွင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံ အယူခံဝင်နိုင်မည်ဖြစ်သည်။

အမတ်လောင်း ၅ ဦးပယ်ချလိုက်သည့်အတွက် လက်ရှိတွင် အမတ်လောင်း ၈၉ ဦးရှိကြောင်း၊ ယင်းအထဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၀ ဦးပါဝင်ကြောင်း ယင်းကိုယ်စားလှယ်လောင်းများ မှာလည်း အတည်မဟုတ်သေးဘဲ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ထပ်ပြီး စိစစ်ဦးမည်ဖြစ်ကြောင်း သိရသည်။

စစ်တွေခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများမှာ ရခိုင်အမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ၊ တစ်သီးပုဂ္ဂလ ပါတီ၊ ရခိုင်အမျိုးချစ်ပါတီ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီနှင့် ကမန်အမျိုးသားပါတီတို့ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly