ထိုင်းနိုင်ငံဝန်ကြီးချုပ်က မယ်ဆိုင်ဂူသို့ လာရောက်မည်ဟု ကြားသိရ

ထိုင်းနိုင်ငံဝန်ကြီးချုပ်က မယ်ဆိုင်ဂူသို့ လာရောက်မည်ဟု ကြားသိရ

ဇူလိုင်လ ၉ ။          ။ ဇူလိုင်လ ၉ ရက်နေ့ နေ့လည်ပိုင်းအခြေအနေအရ ထိုင်းနိုင်ငံဝန်ကြီးချုပ်က မယ်ဆိုင်ဂူသို့ လာရောက်မည်ဟု ကြားသိရသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ရေလျှံသည့် လိုဏ်ဂူအတွင်း သီတင်းနှစ်ပတ်ကြာ ပိတ်မိနေသော လူငယ်ဘောလုံး အသင်း နည်းပြဖြစ်သူတို့အား ဇူလိုင် ၈ ရက်တွင် ကယ်ဆယ်ရေးစတင်ခဲ့ရာ လူငယ်ဘောလုံးသမားလေး လေးဦးအား ကယ်ထုတ်နိုင်ခဲ့သည်။

ထို့နောက် ကျန်ရှိနေသည့်ကလေးများကိုလည်း မကြာခင် ကယ်ထုတ်လာမည်ဟု ကြားသိရပြီး အချိန်နှင့် ကယ်ထုတ်လာမည့် လူအရေအတွက်ကိုမူ မသိရသေးကြောင်း မဇ္ဈိမသတင်းထောက်က ပေးပို့ထားသည်။

“မနေ့က ဂူထဲကကယ်ဆယ်လာတဲ့ ကလေး ၄ ယောက်ကို သွေးစစ်တာတွေ၊ ဓာတ်မှန်ရိုက်တာတွေ၊ စိတ်ပိုင်းဆိုင်ရာစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေကို ဆေးရုံကဆင်းပြီး နောက် ၁ လကြာပြီးရင်လည်း ပြန်လည်စစ်ဆေးရမယ်လို့ သိရတယ်။ ၃ ရက်နေ့မှာ မိဘတွေကို ပေးတွေ့မယ်” ဟု အဆိုပါနေရာရှိ မဇ္ဈိမ သတင်းထောက်ပေးပို့ချက်အရ သိရသည်။

လိုဏ်ဂူအတွင်း ကျန်ရှိနေဆဲ အသက် ၁၁ မှ ၁၆ နှစ်ကြား လူငယ် ရှစ်ဦးနှင့် နည်းပြဖြစ်သူတို့ကို နောက်ပိုင်း ဆယ်နာရီ၊ ဆယ့်နှစ်နာရီ အကြာတွင် ကယ်ဆယ်ရေး ပြန်စမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးမစ်ရှင်အဖွဲ့ ပူးတွဲခေါင်းဆောင် နာရွန်ဆတ်က ပြောသည်။

ယခင် ရေငုပ်အတွေ့အကြံုမရှိသော အဆိုပါ လူငယ်လေးများကို နှစ်ပေအကျယ်မျှသာ ရှိသည့် ရေပြည့်နေသည့် လိုဏ်မြောင်းကြားမှ တစ်ကီလိုမီတာ အထိ ရေငုပ်စေကာ ကယ်ထုတ်ခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required