ရှစ်လေးလုံးအမည်ဖြုတ်ပြီး ပြည်သူ့ပါတီအဖြစ် အမည်ပြောင်းလဲလျှောက်ထားသွားမည်

ရှစ်လေးလုံးအမည်ဖြုတ်ပြီး ပြည်သူ့ပါတီအဖြစ် အမည်ပြောင်းလဲလျှောက်ထားသွားမည်

ရန်ကုန် ၊ ဇူလိုင် ၉ ။         ။ ရှစ်လေးလုံးဆိုသည့်အမည်ကို ဖြုတ်ပြီး  ပြည်သူ့ပါတီအဖြစ်ပြောင်းလဲမှတ်ပုံတင်သွားမည်ဟု ပါတီဦးဆောင် တည်ထောင်သူ ဦးကိုကိုကြီးက ဇူလိုင်လ ၈ ရက်နေ့က မန္တလေးမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

“ရှစ်လေးလုံးပြည်သူ့ပါတီအား ပြည်သူ့ပါတီအဖြစ် အမည်ပြောင်းလဲလျှောက်ထားရန် အတည်ပြုဆုံးဖြတ်ခဲ့ပါ တယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

ရှစ်လေးလုံးပြည်သူ့ပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်ထံအမည်စာရင်းတင်သွင်းရာတွင် ကန့်ကွက်မှုများ ကြံုတွေ့ရခြင်းကြောင့် ယခုလို အမည်ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၄င်းကဆိုသည်။

ပြောင်းလဲလိုက်သည့် အမည်နှင့် ပါတီအလံတံဆိပ်တို့အား ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသွားမည်ဖြစ်ပြီး တစ်စုံတရာအကြောင်းအရာကိစ္စကြံုတွေ့လာပါက ဒုတိယအစီအစဉ်အနေဖြင့် အရန် နာမည်တစ်ခုအား စဉ်းစားထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ပါတီအနေဖြင့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။

ရှစ်လေးလုံးပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားရာ ကန့်ကွက်ခံရခြင်းကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီ အဖြစ် ပြောင်းလဲလျှောက်ထားသော်လည်း ဒုတိယအကြိမ် ကန့်ကွက်ခံခဲ့ရသည်။ ယင်းအတွက်ကြောင့် ရှစ်လေးလုံး အမည်ဖြုတ်ပြီး ပြည်သူ့ပါတီအဖြစ် ပြောင်းလဲလျှောက်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly