ဆီးရီးယားရှိ အိုင်အက်စ်ခေါင်းဆောင်များကို ပစ်မှတ်ထားသည့် ဒရုန်းစစ်ဆင်ရေးကို စီအိုင်အေနှင့် အမေရိကန် အထူးတပ်ဖွဲ့များ ဆင်နွှဲနေ

ဆီးရီးယားရှိ အိုင်အက်စ်ခေါင်းဆောင်များကို ပစ်မှတ်ထားသည့် ဒရုန်းစစ်ဆင်ရေးကို စီအိုင်အေနှင့် အမေရိကန် အထူးတပ်ဖွဲ့များ ဆင်နွှဲနေ

ဝါရှင်တန်၊ စက်တင်ဘာ ။     ။ ဆီးရီးယားရှိ အိုင်အက်စ်ခေါင်းဆောင်များကို ပစ်မှတ်ထား၍ သတ်ဖြတ်ရန် လက်နက်တပ်ဆင်ထားသည့် ဒရုန်းများအသုံးပြုသည့် လျှို့ဝှက်စစ်ဆင်ရေးတစ်ခုကို စီအိုင်အေနှင့် အမေရိကန်အထူးတပ်ဖွဲ့များက ဆင်နွှဲလျက်ရှိသည်ဟု ဝါရှင်တန်ပို့စ်က စက်တင်ဘာ ၁ တွင် ဖော်ပြခဲ့သည်။

လျှို့ဝှက်အစီအစဉ်မှာ အိုင်အက်စ်တိုက်ခိုက်ရေးသမားများအပေါ်ပြုလုပ်နေသည့် အမေရိကန်၏ ကျယ်ပြန့်သည့် စစ်ဆင်ရေးများနှင့် သီးခြားဖြစ်ကြောင်း အမည်မဖော်သည့် အမေရိကန်အရာရှိများ ၏ပြောကြားချက်ကို ကိုးကား၍ သတင်းစာက ဖော်ပြခဲ့သည်။ ယခုအထိ သတ်ဖြတ်နိုင်ခဲ့သူများတွင် ဗြိတိန်မှ ဟက်ကာတစ်ဦးဖြစ်သူ ဂျူနိတ်ဟူစိန်ပါဝင်ပြီး ဟူစိန်မှာ အနောက်နိုင်ငံများတွင် တစ်ကိုယ်တော် တိုက်ခိုက်မှုပြုလုပ်ရန် အိုင်အက်စ်ကို ထောက်ခံသူများကို လူသစ်စုဆောင်းနေသည်ဟု ပင်တဂွန်က ပြောကြားခဲ့သည်။

ပူးတွဲအထူးစစ်ဆင်ရေးစစ်ဋ္ဌာနချုပ်(JSOC)က ပြုလုပ်နေသော ဒရုန်းအစီအစဉ်အရ တိုက်ခိုက်မှုလက်တစ်ဆုပ်စာမျှသာ ပြုလုပ်ရသေးသည်ဟု အရာရှိများက သတင်းစာသို့ ပြောကြားခဲ့သည်။

စစ်ဆင်ရေးတွင် စီအိုင်အေ၏ အဓိကအခန်းကဏ္ဍမှာ အကြီးတန်းအိုင်အက်စ်ခေါင်းဆောင်များ မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်ရေးနှင့် ၎င်းတို့ရှိနေသောနေရာကို သိရှိအောင်ပြုလုပ်ရေးဖြစ်သည်။

ယခုအစီအစဉ်က တန်ဘိုးကြီးပစ်မှတ်များကို အာရုံစိုက်သည်ဟု အရာရှိများက ပြောသည်။ စစ်ဆင်ရေးတွင် စီအိုင်အေ၏ အကြမ်းဖက်တိုက်ဖျက်ရေးစင်တာ(CTC) နှင့် JSOC တို့ကို အသုံးပြုရန် ဆုံးဖြတ်ချက်က အိုင်အက်စ်တိုက်ခိုက်ရေးသမားများ ပျံ့နှံ့လာမှုကြောင့် စိုးရိမ်မှုကြီးမားလာမှုကို ထင်ဟပ်လျက်ရှိသည်ဟု သတင်းစာက ရေးသားခဲ့သည်။

CTC က အယ်လ်ခိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်အား ရှာဖွေမှုကို ဦးဆောင်ခဲ့ပြီး JSOC က၂၀၁၁ခုနှစ်တွင် ဘင်လာဒင်အား သတ်ဖြတ်သည့် မစ်ရှင်ကို ဆောင်ရွက်ခဲ့သော အထူးတပ်ဖွဲ့တွင်ပါဝင် ခဲ့သည်။ဒရုန်းတိုက်ခိုက်မှုများမှာ ဝါရှင်တန်တွင် နိုင်ငံရေးအရ အငြင်းပွားဖွယ်ဖြစ်နေပြီး စီအိုင်အေကို အဓိကသူလျှိုလုပ်ငန်းကိုသာ ပြန်လုပ်ရန် အိုဘားမားက ဆန္ဒရှိနေသည်။ ဒရုန်းတိုက်ခိုက်မှုကို ပင်တဂွန် ကို လွှဲရန် အိုဘားမားက လိုလားနေသည်။

သို့သော်လည်း စစ်တပ်သည် တူညီသည့် စိတ်ရှည်မှု၊ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့ဖြင့် ဒရုန်းတိုက်ခိုက်မှုကို ပြုလုပ်နိုင်သည်ဟု မယုံကြည်ကြောင်း အထက်လွှတ်တော်ထောက်လှမ်းရေးကော်မတီမှ ဒီမိုကရက် အထက်လွှတ်တော်အမတ် ဘာဘရာဖိန်းစတိန်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required