လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး လူတိုင်း ဘာသိထားဖို့လိုလဲ

လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး လူတိုင်း ဘာသိထားဖို့လိုလဲ

ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှုဟာ သွေးခဲပိတ်လို့ ရပ်တန့်သွားရင် ဖြစ်တတ်ပါတယ်။ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အခြေအနေဖြစ်လို့ လေဖြတ်ခြင်းအကြောင်းကို နားလည်ထားဖို့ အရေးကြီးပါတယ်။ လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ ဆက်ပြီးကြည့်ရအောင်။

၁။ ဘာလို့လေဖြတ်သလဲ

လေဖြတ်ခြင်း ၂မျိုးရှိပါတယ်။ သွေးကြောပိတ်၍ လေဖြတ်ခြင်းကတော့ ဦးနှောက်ကိုသွားတဲ့ သွေးကြောဟာ သွေးခဲနဲ့ပိတ်သွားရင် ဖြစ်တတ်ပါတယ်။   နောက်တမျိုးကိုတော့ သွေးယိုခြင်းကြောင့်   လေဖြတ်ခြင်းလို့ခေါ်ပြီး ဦးနှောက်ထဲက သွေးကြောပေါက်ပြီး သွေးယိုတဲ့အခါ ဦးနှောက်ဆဲလ်တွေ ရောင်လာရင် ဖြစ်တတ်ပါတယ်။

၂။ လေဖြတ်ခြင်းက သင့်ကို ဘာဖြစ်စေလဲ

လေဖြတ်ခြင်းဟာ ဆိုးရွားတဲ့ ပြသနာပါ။ လေဖြတ်ခြင်းကို စောစီးစွာမကုရင် ဦးနှောက်ဟာ အမြဲတမ်း ပျက်စီးသွားနိုင်ပြီး မသန်မစွမ်းဖြစ်တာ၊ စကားပြောခက်တာ၊ နားလည်ဖို့ခက်တာ စတာတွေအပြင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်သွားနိုင်ပါတယ်။

၃။ လက္ခဏာတွေက ဘာတွေလဲ

လေဖြတ်ခြင်းရဲ့ ဖြစ်နိုင်ခြေ လက္ခဏာတွေကတော့

  •     စကားပြောခက်ခဲခြင်း၊ မပီသခြင်းနဲ့ တခြားသူတွေ ဘာပြောနေတယ်ဆိုတာ နားလည်ဖို့ ခက်ခဲခြင်း
  •     ကိုယ်ခန္ဓာတဖက်ဖက်တွင် ခြေလက်အားနည်းခြင်း
  •     မျက်လုံးတဖက်တွင်ဖြစ်စေ နှစ်ဖက်စလုံးဖြစ်စေ အမြင်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း
  •     ပြင်းထန်စွာခေါင်းကိုက်ခြင်း
  •     အန်ခြင်း
  •     မူးဝေခြင်း
  •     ကောင်းကောင်းမရပ်နိုင်ခြင်း
  •     လမ်းလျှောက်ရခက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

၄။ ဘာလုပ်သင့်လဲ

လေဖြတ်ခြင်းဟာ ဦးနှောက်ထဲမှာ ဖြစ်တာမို့ သတိထားမိချင်မှတောင် ထားမိပါမယ်။ အထက်ပါ လက္ခဏာတွေ တခုခုကိုကြုံရင် လူနာတင်ကားခေါ်ဖို့ မတုံ့ဆိုင်းပါနဲ့။ မသန်မစွမ်းဖြစ်ခြင်းကို ကာကွယ်ဖို့ လက္ခဏာပြပြီးပြီးချင်း တနာရီအတွင်း ကုသနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မြန်မြန်လှုပ်ရှားပါ။

၅။ လေဖြတ်ခြင်းကို ဘယ်လိုကာကွယ်မလဲ

အသက်အရွယ်နဲ့ မိသားစုရာဇဝင်ဟာ လေဖြတ်နိုင်ခြေ အကြောင်းအရင်းထဲ ပါ၀င်ပါတယ်။ နေထိုင်မှုပုံစံ ပြောင်းလဲပြီး ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ သင့်ကျန်းမာရေးအတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အရက်သောက်ခြင်း လျှော့ပါ။ ဆေးလိပ်ဖြတ်ပါ။ သွေးတိုးရှိရင်၊ ကိုလက်စထရောမြင်ပရင်၊ ဆီးချိုနဲ့ တခြားသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေရှိရင် ဆရာဝန်ပြပြီး သင့်တော်သော ကုသမှုခံယူပါ။ နောင်မှာ လေမဖြတ်နိုင်အောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ ဆိုတာ ဆွေးနွေးပြီး လိုက်ပါလုပ်ဆောင်ပါ။

လေဖြတ်ခြင်းဟာ အချိန်မီမကုသရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဒုက္ခပေးပါတယ်။ သင့်အသက် သင်ကယ်တင်ဖို့၊ တခြားသူတွေကိုပါ ကယ်တင်နိုင်ဖို့ ဒီလက္ခဏာတွေကို သိထားဖို့ အရေးကြီးလှပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly