ဆေးလိပ်ဖြတ်ရာမှာ သင့်ကို ကူညီပေးနိုင်မယ့် ပစ္စည်းများ

ဆေးလိပ်ဖြတ်ရာမှာ သင့်ကို ကူညီပေးနိုင်မယ့် ပစ္စည်းများ

ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

ဆေးလိပ်သောက်တတ်တဲ့သူတွေအနေနဲ့ လုပ်နိုင်တဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ဖော်ပြပါဆိုရင် ဆေးလိပ်ဖြတ်တဲ့ ဆုံးဖြတ်ချက်လို့ သတ်မှတ်ရမှာပါ။ သင်ဆေးလိပ်ဖြတ်လိုက်တာနဲ့ သင့်ရဲ့ ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပြီး သွေးထဲက ကာဗွန်မိုနောက်ဆိုဒ် ပမာဏကလည်း တစ်ဖြည်းဖြည်း နည်းသွားမှာ ဖြစ်ပါတယ်။ တစ်ပတ်လောက် ကြာတဲ့အချိန်မှာတော့ သင့်အနေနဲ့ အသက်ရူရတာ ပိုလွယ်ကူလာမှာဖြစ်ပြီး ပိုပြီနေရထိုင်ရ ပေါ့ပါးလာမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆေးလိပ်ဖြတ်ရတာ ခက်ခဲပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဆေးလိပ်ဖြတ် ခရီးလမ်းအတွက် အထောက်အကူပြု ပစ္စည်းတွေနဲ့ အကောင်းဆုံး ပြင်ဆင်သွားဖို့လိုပါလိမ့်မယ်။ ဆေးလိပ်ဖြတ်ရာမှာ cold turkey လို့ခေါ်တဲ့ အစိမ်းဖြတ်ခြင်းဟာ လူသိအများဆုံး နည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ ဒီလို ဘာအကူအညီမှ မပါဘဲ ဖြတ်ရတာ တကယ်ကို မလွယ်ကူပါဘူး။ ဒါကို ကိန်းဂဏန်းတွေကလည်း သက်သေပြနေပါတယ်။ ဒီလို ဘာအကူအညီမှ မပါဘဲ ဆေးလိပ်ဖြတ်တဲ့လူတွေအထဲက ၉၅ ရာခိုင်နှုန်းခန့်က ဆေးလိပ်ပြန်သောက်တတ်ကြပါတယ်။ သင့်ကလည်း ရှားပါးတဲ့ ၅ ရာခိုင်နှုန်းထဲမပါဘူးဆိုရင်တော့ ဒီဆောင်းပါးလေးမှာ သင်သွားရမယ့် ခရီးလမ်းကို ပိုမို လွယ်ကူစေမယ့် နည်းလမ်းတွေကို ဖော်ပြသွားမှာပါ။

နီကိုတင်း အစားထိုး ပစ္စည်းများ။

ဆေးလိပ်ဖြတ်တဲ့ အခါမှာ အရမ်း ခက်နေရတဲ့ အကြောင်းရင်းက နီကိုတင်းကြောင့်ပါ။ ဆေးရွက်ကြီးထွက်ပစ္စည်းဖြစ်တဲ့ စီးကရက်ထဲမှာ ပါဝင်တဲ့ နီကိုတင်းဟာ လူကို အရမ်း စွဲလန်းစေနိုင်ပါတယ်။ နီကိုတင်းဟာ သင့်ရဲ့ ဦးနှောက်ဓာတုဓာတ်တွေကို ပိုပြီးတောင့်တစေဖို့အတွက် ပြောင်းလဲပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်နေ့စဉ်သုံးနေရတဲ့ နီကိုတင်း ပမာဏကို မရရှိတော့တဲ့အခါမှာလည်း နေရထိုင်ရခက်တဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို နီကိုတင်းဖြတ်တဲ့ ဝေဒနာတွေဟာ ဆေးလိပ်ဖြတ်ပြီး ရက်သတ္တပတ် အနည်းငယ်လောက်အတွင်းမှာ သူ့ဘာသာ ပျောက်ကင်းသွားတတ်ပေမဲ့ဒီရက်သတ္တပတ်အတွင်းမှာ ဖြစ်တဲ့ ဝေဒနာတွေကို တော်တော်ခံစားရခက်နိုင်ပါတယ်။ ဒါကြောင့်ပဲ နီကိုတင်း အစားထိုး ပစ္စည်းတွေက နီကိုတင်း ဖြတ်တဲ့အချိန်မှာလည်း ပိုပြီး အဆင်ပြေအောင် ကူညီပေးနိုင်ပြီး ဆေးလိပ်ဖြတ်တဲ့ ဖြစ်စဉ်ကို ပိုပြီး လွယ်ကူလာစေနိုင်မှာပါ။

နီကိုတင်း အစားထိုး ပစ္စည်းတွေဆိုတာ ဂျယ်များ၊ အရေပြားတွင် ကပ်ရတဲ့ ကပ်ခွာများ၊ ပီကေများ၊ ဖြန်းဆေးများဖြစ်ပြီး သင့်ရဲ့ခန္ဓာကိုယ်ထဲကို နီကိုတင်း ဓာတ်နည်းနည်းချင်းစီ ထည့်သွင်းပေးနိုင်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒီလို နီကိုတင်း အစားထိုး ပစ္စည်းတွေသုံးစွဲတဲ့အခါမှာ နီကိုတင်းကလွဲပြီး ဆေးရွက်ကြီးမှာတွေ့ရတဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေက ခန္ဓာကိုယ်ထဲရောက်မှာ မဟုတ်ပါဘူး။ နီကိုတင်း အစားထိုး ပစ္စည်းတွေဟာ သင့်ရဲ့ နီကိုတင်း ဆာလောင်စိတ်ကို လျှော့ချပေးနိုင်မှာ ဖြစ်ပြီး နီကိုတင်း ပြတ်လပ်လို့ ဖြစ်တဲ့ ခန္ဓာကိုယ်ဆိုင်ရာ လက္ခဏာတွေကို လျှော့ချပေးနိုင်မှာပါ။ ဒီတော့ သင့်ဘက်က လိုအပ်တာ တစ်ခုကတော့ စိတ်ပိုင်းဖြတ်နိုင်ဖို့ပါပဲ။ ဒီ နီကိုတင်း အစားထိုး ပစ္စည်းတွေသုံးမယ်ဆိုရင် နီကိုတင်းတွေကို အချိန်ကြာလာတာနဲ့အမျှ ပမာဏ လျှော့ချသွားရမှာ ဖြစ်ပြီး သတ်မှတ်တဲ့အချိန်ရောက်ရင်တော့ ခန္ဓာကိုယ်ထဲ ထည့်သွင်းနေတဲ့ နီကိုတင်းကို လုံးဝရပ်လိုက်ရမှာ ဖြစ်ပါတယ်။ ဒီလို နီကိုတင်း အစားထိုး ပစ္စည်း သုံးစွဲမယ်ဆိုရင် သင့်အနေနဲ့ ဆေးလိပ်ဖြတ်နိုင်ခြေက ရ၀ ရာခိုင်နှုန်း အထိပိုများပါတယ်။ ဒါပေမဲ့သင်ဟာ ကိုယ်ဝန်လွယ်ထားရပြီး နို့ချိုတိုက်ကျွေးနေရမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး မှသုံးစွဲသင့်ပါတယ်။

နီကိုတင်း အစားထိုး ပစ္စည်းတွေကတော့ ပုံစံအမျိုးမျိုးနဲ့ ရှိပါတယ်။ အဲ့ဒါတွေကတော့-

၁။ အရေပြားတွင် ကပ်ရတဲ့ ကပ်ခွာ။

ဒီနီကိုတင်း အစားထိုး ကပ်ခွာကိုတော့ အရေပြားပေါ်မှာ ကပ်ထားရတာ ဖြစ်ပြီး ဒီကပ်ခွာကနေ နီကိုတင်း ပမာဏ အနည်းငယ်ဟာ အရေပြားထဲကို ဝင်သွားမှာဖြစ်ပါတယ်။ ဒီဆေးတွေကို ဆေးဆိုင်တွေမှာ ဆရာဝန်ရဲ့ဆေးစာ မပါဘဲ ဝယ်ယူလို့ရနိုင်ပါတယ်။ သုံးစွဲရမယ့် ပုံကတော့ ကပ်ခွာ အသစ်ကို နေ့တိုင်းနေ့တိုင်း ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အမျိုးမျိုးမှာ ကပ်ပေးရမှာ ဖြစ်ပါတယ်။ သင် တကယ်ဖြတ်မယ့်ရက်မရောက်ခင် ရက်အနည်းငယ်ခန့်အလောက်မှာ ကြိုသုံးထားတာမျိုး၊ တစ်ခြားသော နီကိုတင်း အစားထိုး ပစ္စည်းတွေနဲ့ တွဲသုံးခြင်းက ပိုပြီး ထိရောက်ပါတယ်။

၂။ နီကိုတင်း ပီကေ။

ပီကေတွေဟာ လူအများစုကို စိတ်အာရုံလွှဲပေးနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် လေ့လာသူတွေက ပီကေတွေကို ဆေးလိပ်ဖြတ်တဲ့နေရာမှာ သုံးစွဲဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ပီကေတွေဟာ ဆေးလိပ်သောက်တဲ့ အကျင့်လိုပဲ ပါးစပ်အာသာပြေခြင်းကို ပေးစွမ်းနိုင်တဲ့အတွက် လူတော်တော်များများဟာဆေးလိပ်ဖြတ်တဲ့အခါမှာ ပီကေဝါးပြီး ဖြတ်တတ်ကြပါတယ်။ ဒါ့ကြောင့် ၁၉၈၀ ခုနှစ်ခန့်မှာ နီကိုတင်းပါဝင်တဲ့ ပီကေတွေကို လူတွေ ဆေးလိပ်ဖြတ်စေနိုင်ကြဖို့အတွက် ဆရာဝန်ဆေးစာနဲ့ စတင်ရောင်းချခဲ့ပါတယ်။ နီကိုတင်း ပီကေကလည်း ဆေးလိပ်ဖြတ် အကူပစ္စည်းတစ်မျိုးပါ။ သဘောတရားကတော့ အထက်က ကပ်ခွာလိုပဲ ဆေးလိပ်များမှ နီကိုတင်း အစားထိုးပေးဖို့ လုပ်ဆောင်ထားတာပါ။ နီကိုတင်း ပီကေတစ်ခုမှာ နီကိုတင်း အနည်းဆုံး ၂ မီလီဂရမ်ကနေ ၄ မီလီဂရမ် အထိပါဝင်ပြီး ဒီပမာဏဟာ ဆေးလိပ် တစ်လိပ်၊ နှစ်လိပ်စာမှာပါဝင်တဲ့ နီကိုတင်း ပမာဏနဲ့ အတူတူလောက်တော့ ရှိပါတယ်။ မနက်တိုင်း မိနစ် ၃၀ လောက်ကျော်အထိတောင်မစောင့်နုုိင်ဘဲ ဆးလိပ်သောက်တတ်ကြတဲ့ ဆေးလိပ်သမားတွေအနေနဲ့ ၄ မီလီဂရမ် ပါဝင်တဲ့ နီကိုတင်း ပီကေကိုစားသုံးဖို့လိုပါတယ်။ မနက်နိုးနိုးခြင်း ဆေးလိပ်သောက်ဖို့ အချိန် မိနစ် ၃၀ ထက် ပိုစောင့်နိုင်တဲ့ လူတွေအတွက်ကတော့ ၂ မီလီဂရမ် ပါဝင်တဲ့ ပီကေ စားရုံနဲ့ လုံလောက်ပါတယ်။ နီကိုတင်း ပီကေကို အနည်းဆုံး မိနစ် ၃၀ လောက်တော့ ဝါးရလေ့ရှိပြီး ပထမဆုံး ၆ ပတ်မှာတော့သင့်အနေနဲ့ နီကိုတင်း ပီကေ တစ်ခုကို တစ်နာရီကနေ နှစ်နာရီကြားတိုင်းစားသုံးနေပါတယ်။ ပီကေသုံးပြီး ဆေးလိပ်ဖြတ်ရတဲ့ ဖြစ်စဉ်ဟာ အနည်းဆုံး ၁၂ ပတ်ခန့်ကြာမြင့်လေ့ရှိပါတယ်။

၃။ နီကိုတင်း သကြားခဲ (Lozenge)။


Image Credit : wiki

နီကိုတင်း သကြားခဲတွေကိုလည်း ဆေးဆိုင်တွေမှာ ဝယ်ယူလို့ရနိုင်ပြီး ထမင်းစားပြီးတိုင်းစားသုံးရတာ ဖြစ်ပါတယ်။ ဘယ်လောက်စားသုံးရမလဲဆိုတော့ သင်ဘယ်လောက် ဆေးလိပ်သောက်သလဲဆိုတဲ့ အပေါ် မူတည်ပါတယ်။ ကုသမှု ကြာမြင့်ချိန်ကတော့ ၁၂ ပတ်အထိ ရှိနိုင်ပါတယ်။

၄။ နီကိုတင်း ဖြန်းဆေး။

နီကိုတင်း ဖြန်းဆေးတွေကတော့ နှာခေါင်း (သို့) ပါးစပ်မှ တစ်ဆင့် ခန္ဓာကိုယ်ထဲ ရောက်ရှိစေရန် အသုံးပြုရတာ ဖြစ်ပါတယ်။ ဒီဖြန်းဆေးကိုတော့ တစ်ချို့နေရာတွေမှာ ဆေးဆိုင်မှ ဝယ်ယူလို့ရနုုိင်ပြီး တစ်ချို့နေရာတွေမှာတော့ ဆရာဝန်ရဲ့ ဆေးစာလိုအပ်ပါတယ်။ ဒီ နီကိုတင်း ဖြန်းဆေးကိုလည်း ၁၂ ပတ် အထိအသုံးပြုရမှာ ဖြစ်ပါတယ်။

၅။ နီကိုတင်း ရူဆေးဗူး။

နီကိုတင်း ရူဆေးဗူး ဆိုတာကတော့ ပန်းနာရင်ကြပ်ဖြစ်တဲ့အခါမှာ သုံးရတဲ့ ရူးဆေးဗူးလို သုံးရတာ ဖြစ်ပြီး ရူဆေးဗူးကို ပါးစပ်မှာတေ့ပြီး နီကိုတင်း အငွေ့တွေကို ရှုသွင်းရတာ ဖြစ်ပါတယ်။ ဒီရူဆေးဗူးကိုတော့ ဆရာဝန်ဆေးစာ ပါမှသာ ဝယ်လို့ရမှာ ဖြစ်ပြီး ၁၂ ပတ်အထိ အသုံးပြုရမှာ ဖြစ်ပါတယ်။

၆။ ဆေးစာနဲ့ ဝယ်ရသော ဆေးများ။

ဒီဆေးများကိုတော့ ဆရာဝန်ထံမှ ဆေးစာပါမှသာ ဝယ်လို့ရမှာ ဖြစ်ပြီး ခန္ဓာကိုယ်ထဲ ဒီဆေး အဆင့်သင့်ဖြစ်နေစေရန်အတွက် တစ်ခြားဆေးတစ်မျိုးကိုလည်း မှီဝဲရမှာ ဖြစ်ပါတယ်။

ဒီလို ဆေးအမျိုးအစားတွေမှာတော့ Varenicline ( Chantix ) ဆိုတဲ့ ဆေးဟာ ဦးနှောက်ထဲက နီကိုတင်းကို တုံ့ပြန်တဲ့ အစိတ်အပိုင်းကို သွားသက်ရောက်ကာ ဆေးလိပ်သောက်ချင်စိတ်ကို နည်းလာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆေးဟာ နီကိုတင်းဖြတ်တဲ့အခါ ဖြစ်ပေါ်လာမယ့် လက္ခဏာတွေကိုလည်းသက်သာစေပါတယ်။ Varenicline ( Chantix )ဆေးကို တစ်ခြားသော နီကိုတင်း အစားထိုး ပစ္စည်းများနဲ့ တွဲကာအသုံးပြုနိုင်ပြီး ဆေးဝါးရော၊ နီကိုတင်းအစားထိုး ပစ္စည်းရော တွဲသုံးခြင်းက ဆေးလိပ်ပြတ်နိုင်ခြေ ပိုမြင့်မားစေပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ပျို့အန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

Bupropion

Bupropion ဟာ စိတ်ဖိစီးမှုကို ကုသရတဲ့ ဆေးတစ်မျိုး ဖြစ်ပြီး နာဗ်ကြောတွေ တစ်ခုနဲ့တစ်ခု သတင်းပို့ရာမှာအသုံးပြုတဲ့ ဓာတု ပစ္စည်းတွေကို ပြောင်းလဲစေနိုင်တဲ့ ဆေးဖြစ်ပါတယ်။ Bupropion ဟာ ဆေးလိပ်သောက်ချင်စိတ်ကို နည်းပါးစေပြီး Varenicline ( Chantix ) က သင့်ခန္ဓာကိုယ်အတွက် အလုပ်မလုပ်ဘူးဆိုရင် (သို့) အကြောင်းရင်းတစ်မျိုးမျိုးကြောင့် Varenicline ( Chantix ) ကိုသောက်လို့မရဘူးဆိုရင် ဒီဆေးကို သောက်သုံးရမှာ ဖြစ်ပါတယ်။ Bupropion ကိုတော့ ဆရာဝန်က မညွှန်ကြားဘဲ တစ်ခြားသော နီကိုတင်း အစားထိုး ပစ္စည်းတွေနဲ့ တွဲပြီး သောက်သုံးလို့မရပါဘူး။ ဘေးထွက်ဆိုးကျိုးတွေကတော့ အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးများ
မက်ခြင်းနဲ့ အာခေါင်ခြောက်ခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။ လေ့လာချက်တွေ အရ Bupropion
ဟာ ဆေးလိပ်ဖြတ်ရာမှာ လူအယောက် ၁၀၀ တွင် ၁၉ ယောက်အထိကို အောင်အောင်မြင်မြင်
ဆေးလိပ်ဖြတ်နိုင်စေဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။

တစ်ခြားနည်းလမ်းများ။

၁။ အကြံဉာဏ်ရယူခြင်း။

ဒီနည်းကိုတော့ သင် ဆေးလိပ်ဖြတ်ရာမှာ အဓိက နည်းလမ်း အဖြစ် အသုံးပြုလို့ရသလို ထပ်ဆောင်းနည်းလမ်း အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ကျွမ်းကျင်သူများနဲ့ နေ့စဉ် ၃ မိနစ်ခန့်မျှ ဆွေးနွေးပေးရင်တောင် ဆေးလိိပ်ဖြတ်ရာမှာ အကူအညီဖြစ်နိုင်ပြီး ဒီလို အကြံဉာဏ်ရယူတဲ့အခါမှာ ကိုယ်ဘယ်ရက်ကစပြီး ဆေးလိပ်ဖြတ်မလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဆေးလိပ်ဖြတ်ရမလဲ၊ ဆေးလိပ်ဖြတ်တဲ့အချိန်မှာ ဘယ်လိုနေရမလဲ၊ ဒုံရင်း အခြေအနေ မရောက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာတွေကို နားထောင်နိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ဆေးရုံနဲ့
ဆေးခန်းအများစုမှာတော့ တစ်ယောက်ချင်းစီပဲ ဖြစ်ဖြစ်၊ အဖွဲ့လိုက်ဖြစ်ဖြစ် ကျွမ်းကျင်သူများက အခမဲ့ (သို့မဟုတ်) သက်သာတဲ့ နှုန်းထားများနဲ့ ဆွေးနွေးပေးကြပါတယ်။

၂။ အိပ်မွေ့ချခြင်း။

သေချာလေ့ကျင့်ထားတဲ့ အိပ်မွေ့ချပညာရှင်တစ်ယောက်က သင့်ကို မသိစိတ်အခြေအနေတစ်ခုထိ အိပ်မွေ့ချမှာ ဖြစ်ပြီး ဆေးလိပ်သောက်ချင်စိတ်ကို ပျောက်ဖို့ ဘယ်လို လုပ်ရမလဲဆိုတဲ့ မေးခွန်းတွေမေးမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ဒီနည်းလမ်းဟာ ဘယ်လောက်အထိ ထိရောက်မှုရှိလဲဆိုတာ အသေအချာ မပြောထားကြပါဘူး။ လေ့လာချက်တွေအရတော့ဒီနည်းလမ်းကို နီကိုတင်း အစားထိုးပစ္စည်းတွေနဲ့ တွဲသုံးရင် ပိုထိရောက်မှု ရှိတယ်လို့ ဆိုထားပြီး တစ်ချို့ကတော့ ဘာထိိရောက်မှု မှ မရှိဘူးလို့ ဆိုထားကြပါတယ်။

၃။ ဆေးလိပ်ဖြတ် Application များနဲ့ အွန်လိုင်းပေါ်မှ အကြံပေးအဖွဲ့များ။

မြန်မာနိုင်ငံမှာတော့ အွန်လိုင်း အကြံပေး အဖွဲ့တွေ မရှိကြသေးဘဲ ဆေးလိပ်ဖြတ် Application တွေ သုံးခြင်းက သင့်ကို ဆေးလိပ်ဖြတ်နေတယ်ဆိုတာ သတိရအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

၄။ တရုတ် အပ်စိုက်ကုထုံး။

သင့်က အထက်ပါ နည်းလမ်းတွေနဲ့ တစ်ခုမှ အဆင်မပြေဘူးဆိုရင် ဒီနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်။ ဒီကုသနည်းမှာဆိုရင် လေ့ကျင့်ထားတဲ့ အပ်စိုက်ပညာရှင်က သင့်ခန္ဓာကိုယ်ပေါ်က ဖိအားမှတ်တွေကို လှုံ့ဆော်ဖို့ အတွက် သတ္တုအပ်များကို စိုက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဖိအားမှတ်တွေကို အပ်စိုက်ကုသခြင်းက ဆေးလိပ်သောက်ချင်စိတ်ကို
တားဆီးပေးနိုင်တဲ့ ဦးနှောက် ဓာတု ပစ္စည်းတွေကို ထွက်ရှိစေမှာ ဖြစ်ပါတယ်။ အပ်စိုက်ကုသခြင်းနဲ့ ဆေးလိပ်ဖြတ်လို့ရရဲ့ လားဆိုတာ သေချာလေ့လာထားတဲ့ လေ့လာချက်တွေတော့ မရှိသေးပါဘူး။

၅။ လေဆာရောင်ခြည် ကုသမှုများ။

ဒီနည်းလမ်းကတော့ အပ်စိုက် ကုထုံးလိုပါပဲ။ ဒါပေမဲ့ အပ်အစား အားနည်းတဲ့ လေဆာရောင်ခြည်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကလည်း အလုပ်ဖြစ်သလားဆိုတာကို လေ့လာချက်တွေ အတည်မပြုရသေးပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly