လူငယ်နဲ့ ကဗျာ ( ၅ )

.

မနေ့တုန်းက မြန်မာကဗျာသမိုင်းမှာ အထင်ကရဖြစ်ခဲ့တဲ့ မျက်လှည့်ဆရာကြီးရဲ့မယား ကဗျာကို တင်ပေးခဲ့ပါတယ်။ ဒါကတော့ မြန်မာကဗျာရေစီးကြောင်း အကြောင်းပြောရင်းက စိတ်အပြောင်းအလဲ ဖြစ်ရလေအောင် တမင် ကြားဖေါက်ပြီး မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓါတ်ကို ဖေါ်ပြရာရောက်တဲ့ ကဗျာတစ်ပုဒ်ကို တင်ပေးလိုက်တဲ့ သဘောပါပဲ။ ဒီကနေ့တော့ မြန်မာကဗျာရေစီးကြောင်းအတွင်းက သူ့ခေတ်နဲ့သူ ပေါ်ပေါက်ခဲ့တဲ့ ကဗျာတချို့ရဲ့ အတတ်ပညာကိစ္စ၊ အကြောင်းအရာတချို့အကြောင်း မိတ်ဆက်သွားဖို့ရှိပါတယ်။

ကဗျာဆိုတာက စာပေရဲ့အညွန့်အဖူးသဘောဖြစ်တာမို့ ခက်ခဲနက်နဲတဲ့ သဘောရှိတာမို့ “ပညာရှိတို့ရဲ့ပစ္စည်း”လို့တောင်မှ တင်စားခဲ့ကြပါတယ်။ “က၀ိပစ္စည်း”လို့ ခေါ်ခဲ့ကြတာပါ။ တကယ်တော့ စာပေဆိုတာကတော့ ဟိုခေတ် သက်ဦးဆံပိုင်ပဒေသရာဇ်ခေတ်မှာတော့ လက်လုပ်လက်စား ဆင်းရဲသား နန်းတော်ပြင်ပက ပြည်သူတွေ လက်လှမ်းမမီခဲ့ကြပါဘူး။ နန်းတွင်းက ပညာရှိများအတွက်သာ ဖြစ်တည်ခဲ့တဲ့စာပေအဖြစ်သာ တည်ရှိခဲ့တာမို့ စာဆိုပညာရှင်ဆိုတာကလည်း မှူးမတ်ပညာရှိ၊ ရဟန်းပညာရှိများသာ ရေးတတ်ဖတ်တတ်တဲ့သဘော ရှိခဲ့ပါတယ်။ စာပေဟာ နန်းတော်ပရ၀ဏ်ဝန်းကျင်တ၀ိုက်မှာသာ ထွန်းကားခဲ့တဲ့သဘောပါပဲ။ နန်းတော်ပြင်ပ ဆင်းရဲသားမိလက္ခူလို တိုင်းသူပြည်သားတွေထဲက စာပေပညာရှိ ရဟန်းပညာရှိဆိုတာ မရှိမဟုတ်  ရှိတော့ရှိခဲ့ပါတယ်။ ဒါပေမယ့် အရေအတွက် အင်မတန်နည်းပါးခဲ့ပါတယ်။ တစ်ခေတ်လုံးမှာမှ တစ်ယောက်လောက်ပဲ ထင်ရှားခဲ့ပါတယ်။ ဒါပေမယ့် ကုန်းဘောင်ခေတ်ဦးနဲ့ ကုန်းဘောင်ခေတ် မြန်မာ့ပဒေသရာဇ်ခေတ်နှောင်းပိုင်းမှာကြတော့ နန်းတော်ပြင်ပ ရဟန်းစာဆို လူပုဂ္ဂိုလ်စာဆိုတွေ အများအပြား ရှိလာခဲ့ပါတယ်။ ကိုလိုနီခေတ်နဲ့ မျက်မှောက်ခေတ်မှာတော့ စာပေပညာရှင် ကဗျာစာဆိုတွေ မိုးဦးကျပေါက်လာတဲ့မှိုတွေလို များပြားလာခဲ့တာ အားလုံးအသိပါပဲ။ ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ရပ်ပါပဲ။

ကဲ ဒါဆိုရင် ဒီဆောင်းပါးအစက နိဒါန်းပျိုးခဲ့တာပြန်ဆက်ရရင် ခေတ်တိုင်းခေတ်တိုင်း ပေါ်ပေါက်ခဲ့တဲ့ကဗျာတွေဟာ တခေတ်နဲ့တခေတ် ကဗျာအမျိုးအစားမတူကြပါဘူး။ ကဗျာပညာရှင်တွေဟာ ကဗျာပုံသဏ္ဍာန်အသစ်တွေကို ကိုယ်စွမ်းရင်စွမ်းသလောက် အသစ်အသစ် တီထွင်စမ်းသပ် စပ်ဆိုလာခဲ့ကြတာတွေ့ရပါတယ်။ ရှေ့ကစပ်ဆိုပေါ်ထွန်းခဲ့တဲ့ ကဗျာပုံသဏ္ဍာန်ကိုပဲ နို့သက်ခံစို့ပြီး လက်ခံလိုက်နာစပ်ဆိုကြတာရှိသလို ကိုယ့်လက်ထက်ကြကာမှ ကိုယ်ရေးချင်တဲ့အကြောင်းအရာနဲ့ လိုက်ဖက်မယ့်ကဗျာပုံသဏ္ဍာန်သစ်ကို တီထွင်စပ်ဆိုလာခဲ့ကြတာ တွေ့ရပါတယ်။

အနီးစပ်ဆုံးနဲ့ နားလည်လွယ်စေမယ့် ကဗျာအမျိုးအစားတချို့ကိုပြောရရင် ပဒေသရာဇ်ခေတ်တုန်းက တိုင်းပြည်မြို့ပြထူထောင်ရာမှာ လက်နက်လူသူအင်အားဖြည့်တင်းမှုကို ဦးစားပေးကြရပါတယ်။ စစ်သွေးစစ်မာန်တက်ကြွအောင် လုပ်ကြရပါတယ်။ အဲဒီအခါ ဘုရင်ကအစ စစ်သည်နောက်ပါအားလုံး စိတ်ဓါတ်တက်ကြွမှုကို အားမာန်ဖေါ်ပြမှုအတွက် နည်းလမ်းရှာကြတဲ့အခါ စစ်သည်စစ်သားတွေ တစုတဝေးတည်း သံပြိုင်သီဆိုဟစ်ကြွေးလို့ရတဲ့ “ကာချင်း” ဆိုတဲ့ကဗျာအမျိုးအစား ပေါ်ပေါက်လာရပါတယ်။ တခါတလေ ဘုရင်ကိုယ်တိုင် ရှေ့ကထွက် သူကိုယ်တိုင်ရေးစပ် သူကိုယ်တိုင် ဦးဆောင်ပြီး “ကာချင်း” ဆိုကြ ကကြ ကြွေးကြော်ကြပါတယ်။ အဲဒီအခါ အဲဒီအခြေအနေ အဲဒီအကြောင်းအရာနဲ့လိုက်ဖက်မယ့် စိတ်ဓါတ်တက်ကြွပြီး ၀ိုင်းစုသီဆိုလို့လည်းရစေတဲ့ “ကာချင်း” ကဗျာပုံသဏ္ဍာန်ကို တီထွင်စပ်ဆိုကြပါတယ်။ ဒါကိုကြည့်ရင် အကြောင်းအရာနဲ့အခြေအနေက ကဗျာရဲ့ပုံသဏ္ဍာန်ကို ပြဌာန်းစေတယ်လို့တောင်မှ ယူဆပြောဆိုလို့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အထင်ရှားဆုံးဥပမာပြရမယ်ဆိုရင် ပင်းယခေတ်က ဘုရင်ဖြစ်သူ “ငါးစီးရှင်ကျော်စွာ”က သူကိုယ်တိုင် ကာချင်းတွေရေးစပ်ပြီး သူကိုယ်တိုင်ဦးဆောင်သီဆို ကခုန်ခဲ့တာ အထင်အရှားပါပဲ။ သူကိုယ်တိုင်စပ်ဆိုခဲ့တဲ့ကဗျာထဲမှာ….

“တမောင်းတမောင်း၊ တို့တမောင်းသည်၊ တမောင်း ဘကောင်းသားလော၊ ဘကောင်း ဘကောင်း..” အစချီစပ်ဆိုခဲ့တာ တွေ့ကြရပါတယ်။ အသံကိုအမြင့်ဆုံးထား အားနဲ့မာန်နဲ့သီဆိုလို့ရအောင် ကာချင်းပုံသဏ္ဍာန်ကဗျာဟန်ကို တီထွင်စပ်ဆိုလာခဲ့တာ အထင်အရှားရှိခဲ့ပါတယ်။

တခါ အင်းဝခေတ်ကြတော့ “ဧချင်း” ဆိုပြီး ကဗျာပုံသဏ္ဍာန်အသစ် ပေါ်လာပြန်ပါတယ်။ ဒါကတော့ ဘုရင့်ရဲ့ ငယ်ရွယ်တဲ့သားတော်သမီးတော်တွေ၊ အနွယ်တော့်သားသမီးတွေကို ချော့သိပ်တဲ့အခါ ကလေးချော့ကဗျာသဘော ဧချမ်းသာယာနွဲ့နောင်းတဲ့အသံနဲ့သီဆိုရတဲ့ကဗျာမို့ “ဧချင်း” ရယ်လို့ ခေါ်တွင်တဲ့ ကဗျာအမျိုးအစား ပေါ်ခဲ့ပါတယ်။ အဒူမင်းညိုရေးတဲ့ “ရခိုင်မင်းသမီးဧချင်း”နဲ့ ရှင်သူရဲရေးတဲ့ “သခင်ထွေးဧချင်း”ဟာ ထင်ရှားလှပါတယ်။

“ဧချင်း”ဆိုလို့ ကလေးချော့၊ ကလေးသိပ်ကဗျာဆိုပေမယ့် အဲဒီ ဧချင်းကဗျာတွေက သာမာန် ကလေးချော့ကဗျာတွေမဟုတ်ပါဘူး။ အဲဒီဧချင်းကဗျာတွေထဲမှာပဲ “ရာဇ၀ံသ” လို့ခေါ်တဲ့ ဘုရင့်သားစဉ်မြေးဆက် ဘုန်းအဂါင်္လက္ခဏာတော်တွေအကြောင်းနဲ့ အဲဒီကဗျာထဲမှာပဲ ရေးစပ်သီဆိုသူ၊ သီဆိုပုံသီဆိုနည်း “ဧနဲ့စ ဧနဲ့ပဲဆုံးတဲ့နည်းဟန်” အစရှိတဲ့ ဧချင်းရဲ့ထူးခြားချက်တွေကိုပါ လေ့လာလို့ရအောင် ရေးခဲ့ကြတာဟာ မှတ်သားဖို့ကောင်းတဲ့အချက်တွေပါပဲ။    

ကဲ ဒီကနေ့လည်း ဒီလောက်နဲ့ရပ်နားလိုက်ကြရအောင်ပါ။

နောက်နေ့တွေမှာ ကဗျာအကြောင်းဆက်ကြတာပေါ့။

လူငယ်များ ပျော်ရွှင်တက်ကြွဖြူစင်စွာ ကဗျာလင်္ကာနဲ့ ပျော်မွေ့နိုင်ကြပါစေ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

  1. လူငယ်နဲ့ ကဗျာ ( ၁ )

  2. လူငယ်နဲ့ ကဗျာ ( ၂ )

  3. လူငယ်နဲ့ ကဗျာ ( ၃ )

  4. လူငယ်နဲ့ ကဗျာ ( ၄ )