မြိတ်ခရိုင်ရှိ အရေးပေါ်လူနာတင်ယာဉ်အသင်း ၅၀ ခန့်မှ စုပေါင်းကွန်ယက်ဖွဲ့စည်း

မြိတ်ခရိုင်ရှိ အရေးပေါ်လူနာတင်ယာဉ်အသင်း ၅၀ ခန့်မှ စုပေါင်းကွန်ယက်ဖွဲ့စည်း

မြိတ်၊ ဇူလိုင်လ ၈ ။           ။ မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလော၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့မှ ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေကြသည့် အရေးပေါ်လူနာတင်ယာဉ်ကား အသင်းအဖွဲ့ ၅၀ နီးပါးခန့်သည်၊ ဇူလိုင်လ ရ ရက်နေ့က စုပေါင်း ကွန်ယက်ကို စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

“မြိတ်မြို့ပေါ်မှာပဲ သီးသန့် အရေးပေါ်လူနာတင်ယာဉ်ကားအသင်းအဖွဲ့က ၄၆ ဖွဲ့လောက်အထိကို ရှိပါတယ်၊ ကားအစီးရေအနေနဲ့က ရ၀ မှ ၈၀ အကြား အစီးရေ ရှိပါတယ်။ ဒါက မြို့ပေါ်မှာ၊ ကျန်တဲ့ မြို့နယ်တွေက မပါသေးဘူး”ဟု မြိတ်မြို့ ကရုဏာနာရေးကူညီမှုနှင့် အရေးပေါ်လူနာတင်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးစိုးဦးက ပြောသည်။

ခရိုင်အတွင်းရှိသော မြို့နယ် ၄ မြို့နယ်မှ အရေးပေါ် လူနာတင်ယာဉ်ကား အသင်းအဖွဲ့ အားလုံးနီးပါး အပြန်အလှန် ချိတ်ဆက်ကူညီနိုင်ရန်အတွက်ဟု ဆိုကာ စုပေါင်းကွန်ယက်ကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု သိရသည်။

သို့ရာတွင် မြို့နယ် ၄ မြို့နယ်မှ လက်ရှိ လှုပ်ရှားနေသည့် အရေးပေါ် လူနာတင်ယာဉ်ကား အများစုမှာ ၉၀% နှုန်းခန့်က လိုင်စင်မဲ့ ကားများ ဖြစ်နေကြပြီး၊ ၁၀% နှုန်းသည်၊ တရားဝင်လိုင်စင်ဖြင့် မောင်းနှင်နေခြင်း ဖြစ်သောကြောင့် အဆိုပါလိုင်စင်မဲ့ကားများကိုလည်း တိုင်းအစိုးရအဖွဲ့ထံ ဖြေလျှော့ပေးဖို့ တင်ပြ တောင်းဆိုသွားမည်ဟု ၎င်းကွန်ယက်မှ သိရသည်။

ဇူလိုင်လ ရ ရက် နေ့လည်၁ နာရီအချိန်က မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ် ရပ်ကွက်ရှိ မိသားစုညီညွတ်ရေးဘဝသုံးပါးအသင်းရုံးခန်း၌ စုပေါင်းကွန်ယက် ကိုစတင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

“ဒီ မြိတ်ခရိုင်ထဲမှာ ရှိတဲ့ ပရဟိတ အရေးပေါ် လူနာတင်ယာဉ် အသင်းတွေ အသီးသီး၊ တစုံတစ်ခု ပြဿနာ ပေါ်လာခဲ့ရင် စုပေါင်းဖြေရှင်းလို့ရအောင် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်၊ အားလုံးက ပြည်သူလူထုရဲ့ ကျန်းမာရေးကို အဖွဲ့တွေကူညီနေတဲ့အခါမှာ ဥပမာ ယာဉ်တိုက်မှု ဖြစ်ပွားရင် အများနဲ့ပူးပေါင်းကူညီလို့ ရအောင်မျိုးပေါ့ ။ နောက်ပြီး၊ ယာဉ်တိုက်မှုနှင့် အခြားဘေးအန္တရာယ်တစ်ခုခု ဖြစ်လာရင် ပြည်သူတွေက အကူအညီ တောင်းခံလာရင် အရေးပေါ်လူနာတင်ယာဉ်တွေ စုပြံုပြီး မသွားရလေအောင်၊ အနီးစပ်ဆုံး အရေးပေါ် လူနာတင်ယာဉ်ကို အချိန်မီလွှတ်နိုင်အောင်လည်း စုပေါင်းပြီး ကွန်ယက်တွေ ချိတ်ဆက်သွားမှာပါ ” ဟု  မြိတ်ခရိုင် အရေးပေါ် လူနာတင်ယာဉ်ကားအသင်း စုပေါင်းကွန်ယက်မှ အတွင်းရေးမှူး ဦးအောင်မြတ်သူက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ဇူလိုင်လအတွင်း လိုင်စင်မဲ့ လူနာတင်ယာဉ်များအား ဖမ်းဆီးမည်ဟု ထုတ်ပြန်ထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required