အွန်လိုင်းပေါ်မှာ ဇာတ်ကားတွေ တရားမဝင်တင်နေကြတဲ့အတွက် ကျီးလန့်စာစား ဖြစ်နေရတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ

အွန်လိုင်းပေါ်မှာ ဇာတ်ကားတွေ တရားမဝင်တင်နေကြတဲ့အတွက် ကျီးလန့်စာစား ဖြစ်နေရတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ

ရန်ကုန် ဇူလိုင် ရ ။                   ။ အွန်လိုင်းတွေပေါ်မှာ ရုပ်ရှင်ဇာတ်ကားတွေကို တရားမဝင် ကူးယူဖော်ပြနေကြတဲ့အတွက် အနုပညာ ဖန်တီးရာမှာ ကျီးလန့်စာစားနေရတယ်လို့ ဒါရိုက်တာ ခရစ်(စ)တီးနားခီက ပြောပါတယ်။

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဇူလိုင်လ ရ ရက် နေ့က ရန်ကုန်မြို့၊ City Star ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ၊

" အမှန်အတိုင်းပြောရရင် အနုပညာဖန်တီးတဲ့နေရာမှာ ကျွန်မက ကျီးလန့်စာစားနေရတဲ့အဆင့်မျိုး ရောက်လာပါတယ်။အဲဒီတော့ စိတ်မကောင်ဘူး။ စိတ်မကောင်းဘူးဆိုတာက လမ်းကြောင်းသစ်က ပေါက်ကာနီးကျမှ အဖျက်ခံရတယ်လို့ထင်တယ်။ လမ်းကြောင်းသစ်ဆိုတဲ့နေရာမှာ ကျွန်မ တစ်ဦး တည်း၊ တစ်ယောက်တည်းအတွက်ပြောနေတာမဟုတ်ဘူး။   ပြောင်းလဲချင်တဲ့လူငယ်တွေ အများကြီး ရှိတယ်။ ကျွန်မတို့ ရုပ်ရှင်စရိုက်တော့ ဒါရိုက်တာကြေးဆိုတာတောင် ထည့်မတွက်ပဲ လုပ်ခဲ့ရတာ" လို့ ဒါရိုက်တာ ခရစ်(စ)တီးနားခီက ပြောပါတယ်။

ဒါ့အပြင် ရုပ်ရှင်လောကအောင်မြင်စပြုနေတဲ့အချိန်မှာ ဒီလိုကိစ္စတွေ ပေါ်လာတာဟာ အနုပညာ လောကအတွက် ခြောက်ခြားစရာ ကောင်းတယ်လို့လည်း ခရစ်(စ)တီးနားခီက ဆက်ပြောပါတယ်။

" ဒီလမ်းကြောင်းက ပွင့်သွားတယ်၊ အောင်မြင်သွားတယ်ဆိုတဲ့အချိန်၊ အနောက်ကနေ လူတွေ အများ ကြီး လိုက်လာမယ့်အချိန်ကျမှ ဒီလိုကိစ္စကြီးပေါ်လာတဲ့အတွက် အနုပညာသမားတစ်ယောက်အနေနဲ့ တော်တော်ခြောက်ခြားစရာကောင်းတယ်လို့ သတ်မှတ်ပါတယ်" လို့ ပြောပါတယ်။

ဥပါယ်တံမျဉ် ဇာတ်ကားကို Facebook အကောင့်ပိုင်ရှင်တစ်ယောက်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အွန်လိုင်းပေါ်တင်ခဲ့တာကို ဇွန်လ ၃၀ ရက်နေ့က သိရှိခဲ့ရပြီး တည်ဆဲဥပဒေတွေနဲ့ အရေးယူသွား မယ်လို့လည်း ဇူလိုင်လ ၃ ရက်နေ့က နိုင်ငံပိုင်သတင်းစာမှာ ကြေညာခဲ့ပါတယ်။ အဲဒီနောက် ဇွန်လ ၅ ရက်နေ့မှာ ရန်ကုန်၊ ရန်ကင်းမြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဂ) နဲ့ အမှုဖွင့်လှစ်ထား တယ် လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက မဇ္ဈိမကို ပြော ပါတယ်။

" ဆရာတို့ အမှုဖွင့်ထားပြီးပါပြီ။ ရန်ကင်းမြို့မရဲစခန်းမှာ ဖွင့်ထားတာပါ။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဂ) နဲ့၊ ရဲတွေကို အားကိုးရမှာပဲ။ အမြန်ဆုံးဖော်ထုတ်အရေးယူပေးမယ်လို့လည်း ယုံကြည်ပါတယ်" လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက ပြောပါတယ်။

အွန်လိုင်းပေါ် ပျံနှံ့ခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာ ရုပ်ရှင်ကတစ်ဆင့် ကင်မရာနဲ့ပြန်လည်ရိုက်ကူးထားတာ မဟုတ်ဘဲ HD အကြည်ဖြစ်နေတဲ့အတွက် ဒီရုပ်ရှင်ဇာတ်ကားကို ဘယ်နေရာ၊ ဘယ်ပုဂ္ဂိုလ်ဆီကနေ ရရှိခဲ့သလဲဆိုတာကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့လည်း သိရပါတယ်။
ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကို Central Base Productions က ဒါရိုက်တာ ခရစ်(စ)တီးနားခီက ရိုက်ကူးပြီး သရုပ်ဆောင် ဇာဏ်ခီ၊ သက်မွန်မြင့်တို့ပါ၀င်သရုပ်ဆောင်ထားပြီး အောင်မြင်တဲ့ ရုပ်ရှင် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly