ဆဲဗင်းဇူလိုင်အထိမ်းအမှတ် မြိတ်တက္ကသိုလ် ၃ ခု ပူးပေါင်း၍ ပထမဆုံးကျင်းပ

ဆဲဗင်းဇူလိုင်အထိမ်းအမှတ် မြိတ်တက္ကသိုလ် ၃ ခု ပူးပေါင်း၍ ပထမဆုံးကျင်းပ

 

မြိတ်၊ ဇူလိုင်လ ရ ။             ။ ၅၆ နှစ်မြောက် ဆဲဗင်းဇူလိုင် အောက်မေ့သတိရဖွယ် အထိမ်းအမှတ်အခမ်းအနားကို မြိတ်မြို့ပေါ်ရှိ တက္ကသိုလ် ၃ ခုမှ ပူးပေါင်းပြီး၊ ကန်ဖျားနယ်မြေ၊ ကန်ဖျားလမ်းမကြီးရှိ ထန်းလေးပင် ကျောင်းတိုက်တွင် ဇူလိုင်လ ရ ရက်၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြိတ်တက္ကသိုလ်၊ မြိတ်ကွန်ပျူတာတက္ကသိုလ်နှင့် မြိတ်နည်းပညာ တက္ကသိုလ် ၃ ခုရှိပြီး၊ ပြီးခဲ့သည့် နှစ်များက တက္ကသိုလ် ၂ ခုကသာ ဦးဆောင် ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ် တွင် မြိတ်ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂက ပူးပေါင်းပါ၀င်လာခြင်း ဖြစ်သည်ဟု ဆဲဗင်းဇူလိုင် အောက်မေ့သတိရဖွယ်အခမ်းအနားကို ဦးဆောင်ကျင်းပသော ကျောင်းသား ကျောင်းသူများထံမှ သိရသည်။

“ဆဲဗင်းဇူလိုင် အောက်မေ့သတိရဖွယ်အခမ်းအနားကို ကျွန်တော်တို့ မြိတ်မှာဆိုလျှင် စတင် ကျင်းပလာတာ ၄ နှစ်နီးပါးရှိလာနေပြီး ဖြစ်ပါတယ်၊ မြိတ်မှာရှိတဲ့ တက္ကသိုလ်အသီးသီးမှာ ဒီလိုမျိုးအခမ်းအနားနဲ့ ပတ်သက်ပြီး အချို့ ကျောင်းသား ကျောင်းသူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သိတာ မရှိသေးဘူး၊ ဒီအတွက်ကြောင့် လာမယ့်နှစ်မှာဆိုရင် တက္ကသိုလ်တစ်ခုခုမှာ ကျင်းပသွားနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ ဖြစ်အောင်လည်းလုပ်ဖို့ သက်ဆိုင်ရာ ကျောင်းတွေက ဆရာ၊ ဆရာမတွေနဲ့၊ ကျောင်းသားကျောင်းသူတွေနဲ့ ညှိနှိုင်း စီစဉ်နေပါတယ်” ဟု မြိတ်တက္ကသိုလ်မှ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မောင်ချမ်းမြေ့နိုင်က ပြောသည်။

မြိတ်မြို့တွင် တက္ကသိုလ် ၃ ခုမှ ဦးဆောင် ကျင်းပသည့် ဆဲဗင်းဇူလိုင် အောက်မေ့သတိရဖွယ်အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်များ၊ ၈၈ ပွင့်လင်းလူ့အဖွဲ့စည်း၊ စာရေးဆရာနှင့် ကဗျာဆရာများ၊ ကျောင်းသား /ကျောင်းသူတစ်ရာကျော်တို့ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် လာမည့် ၂၀၁၉ ခုနှစ်တွင် မြိတ်မြို့ပေါ်ရှိ တက္ကသိုလ် ၃ ခု အနက် ကျောင်းတစ်ကျောင်းတွင် ကျင်းပသွားနိုင်ရန် ကြိုးစားနေကြောင်း ယနေ့ အခမ်းအနားမှ သိရသည်။

မြိတ်မြို့တွင် ဆဲဗင်းဂျူလိုင် အောက်မေ့သတိရဖွယ်အခမ်းအနားများကို ပြီးခဲ့သည့်နှစ်များက ဘုန်းတော်ကြီး ကျောင်းများ၊ ပုလဲရတနာ မြို့တော်ခန်းမများတို့တွင် ကျင်းပခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly