တင်မောင်ဆန်းမင်းဝင်းရဲ့ ၄ နှစ် မြောက် မိုးရာသီအထူးဖျော်ဖြေပွဲ မကြာမီကျင်းပမယ်

တင်မောင်ဆန်းမင်းဝင်းရဲ့ ၄ နှစ် မြောက် မိုးရာသီအထူးဖျော်ဖြေပွဲ မကြာမီကျင်းပမယ်

ရန်ကုန် ဇူလိုင် ၆ ။         ။ အလင်္ကာကျော်စွာရွှေမန်းတင်မောင်ရဲ့မြေးဖြစ်သူ ဇာတ်သဘင်မင်းသား တင်မောင်ဆန်းမင်းဝင်း၏ ၄ နှစ် မြောက် မိုးရာသီအထူးဖျော်ဖြေပွဲ ကို ရန်ကုန်မြို့၊ မျှော်စင်ကျွန်းမှာ ၃လကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါပွဲကျင်းပမယ့်ကိစ္စနဲ့ ပတ်သက်ပြီးဇူလိုင်လ ၆ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ စာနယ်ဇင်းမိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပလာခဲ့တဲ့ အဲဒီဇာတ်သဘင်ဖျော်ဖြေပွဲကို လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့က စတင်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ကျင်းပသွားမှာ ဖြစ်သလို မိုးရာသီမှာ ဇာတ်သဘင်သမားတွေရဲ့ စားဝတ်နေရေး ပြေလည်စေဖို့နဲ့ လူငယ်ပရိတ်သတ်တွေကို သဘင်ရဲ့ အရသာ ခံစားသိရှိစေချင်လို့ မိုးရာသီ အထူး ဖျော်ဖြေပွဲတွေကို နှစ်စဉ်ကျင်းတာဖြစ်တယ်လို့ ဇာတ်သဘင်မင်းသား တင်မောင်ဆန်းမင်းဝင်းက မဇ္ဈိမကို ပြောပါတယ်။

"တင်မောင်ဆန်းမင်းဝင်း ပွဲထက်စာရင် ရွှေမန်းသဘင်ကလုပ်တဲ့ ပွဲတစ်ပွဲပါ၊ သဘင်ညီအစ်ကိုမောင်နှမ တွေ မိုးရာသီကျရင် အမြဲတမ်းနားရတယ်၊ ဆောင်းရာသီနဲ့နွေရာသီပဲ ကကြရတာ။ မိုးတွင်းကာလမှာ စားဝတ် နေရေးအရရော၊ နောက်ပြီး မြို့နယ်တွေမှာ ကမယ့်အစား၊ မျှော်စင်ကျွန်း စတိတ်ရှိုးသွင်းတဲ့နေရာမှာ ကျွန်တော် ကပြဖျော်ဖြေတာက လူငယ်ပရိတ်သတ်ကိုလည်း သဘင်အရသာသိရှိ ခံစားစေချင်လို့ပါ"  လို့ ဇာတ်သဘင် မင်းသား တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

ဒီဖျော်ဖြေပွဲမှာ ခေတ်ပေါ်စတိတ်ရှိုးတွေမပါ၀င်ဘဲ ဘုရားကန်တော့ခန်း၊ နတ်ယိမ်း၊ ပဏာမ မြန်မာအသံ၊ အော် ပရာ၊ နှစ်ပါးသွား၊ နောက်ပိုင်း ဇာတ်တော်ကြီးကဏ္ဍတွေနဲ့အတူ မြန်မာ့သဘင်စစ်စစ်ကို အစဉ်အလာ မပျက် က ပြသွားမယ့်အပြင် ဒီဖျော်ဖြေပွဲမှာ မင်းကြီးမင်းလေး နတ်သမိုင်းပြဇာတ်နဲ့ အာသောကမင်းကြီးဇာတ်တော်တွေ ကိုလည်း ထူးထူးခြားခြား တင်ဆက်ပေးသွားမယ်လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။ ဒါ့အပြင် ထူးထူး ခြားခြားအဖြစ် အလင်္ကာကျော်စွာရွှေမန်းတင်မောင်ရဲ့မြစ်ဖြစ်သူ၊ တင်မောင်ဆန်းမင်းဝင်း ရဲ့သား မန်းရွှေရောင် တင်ရဲ့ ဖျော်ဖြေမှုတွေလည်း ရှုစားရမယ်လို့လည်း သိရပါတယ်။

" ဒီမြေးလေးနဲ့ပတ််သက်လို့ ဂုဏ်ရှိလာတယ်လို့ အဘက ခံယူတယ်လေ။ဒီကလေးက တော်ရုံတန်ရုံကြိုးစား လို့ မဟုတ်ဘူး။သူမွေးလာကတည်းက ပါရမီ အလိုလိုပါလာတဲ့ ကလေးလေး ဖြစ်နေတယ်။ သူဆိုတာကတွေက အဘတို့ သိပ်မသင်ပေးရဘူး။သူရဲ့အကြားအမြင်၊ သူ့ကြိုးစားမှုလေးတွေ ပါတာပေါ့နော်" လို့ ဇာတ်သဘင် မင်းသားကြီး ဆန်းဝင်းက ပြောပါတယ်။
လာမယ့် မိုးရာသီအထူးဖျော်ဖြေပွဲမှာ မန်းရွှေရောင်တင်ဟာ ဖခင်ဖြစ်သူ တင်မောင်ဆန်းမင်းဝင်းနဲ့ အတူ ကိုတင်မောင်ပြန်လာပြီဆိုတဲ့ သီချင်းအသစ်နဲ့ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly